မင်းအောင်လှိုင် အား ထုတ်ပယ်ခဲ့သည့် အာဆီယံ ၏ သမိုင်းဝင် ဆုံးဖြတ်မှု၏ နောက်ကွယ်


မင်းအောင်လှိုင် အား ထုတ်ပယ်ခဲ့သည့် အာဆီယံ ၏ သမိုင်းဝင် ဆုံးဖြတ်မှု၏ နောက်ကွယ်

အောက်တိုဘာ ၁၅ ရက် နေ့တွင် ဝဏ္ဏမောင်လွင် အပါအဝင် အာဆီယံ ဆယ်နိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံခဲ့ကြရသည့် အဓိက အကြောင်းရင်းသည်ကား မြန်မာပြည်၏ အာဏာရှင် ပေါက်စ မင်းအောင်လှိုင် ဆိုသူအား ၎င်းတို့၏ ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ ဖိတ်ကြားသင့် မသင့် ဆွေးနွေးကြရန်လည်း ဖြစ်သည်။


အွန်လိုင်း တွေ့ဆုံပွဲသည် မကြုံစဖူးအောင် တင်းမာလာခဲ့ရသည်ဟု အစည်းအဝေး နှင့် နီးစပ်သူ လေးဦး၏ အပြောအား ကိုးကား၍ ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော စင်္ကာပူ၊ မလေးရှား၊ အင်ဒို နီးရှား နှင့် ဖီလစ်ပိုင် တို့မှ အစဉ်အလာ ပြည်တွင်းရေး ဝင်မစွက်ဟုသော မူကို လွှတ်ချကာ မင်းအောင်လှိုင်အား မဖိတ်ကြားရေး ဖက်မှ အလျော့မပေးပဲ ရပ်တည်လာခဲ့ကြသည်။


ဤသည်ကလည်း အဖွဲ့ကြီးအား ကမ္ဘာအလယ်တွင် ရရှိနေပြီး ဖြစ်သော ယုံကြည်လေးစားခံရမှု ကို ထိန်းသိမ်းထားနိုင်ရန် မလုပ်မဖြစ် လုပ်ရမည်ဟု ခံယူထားကြ၍ လည်း ဖြစ်ပေသည်။


ဖီလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးကမူ အစည်းအဝေး မစခင်ကပင် ယခုကိစ္စ ကို အလျော့ပေးလိုက်ပါက မိမိတို့ အဖွဲ့ဝင် များသည် အရေးမပါသည့်ကိစ္စများကိုသာ သဘောတူညီမှု ရယူ နိုင်သူများဟု အထင်အမြင် သေးခံရမည်ဟု ပြောထားခဲ့ပြီးလည်း ဖြစ်သည်။


စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးကလည်း မလုပ်မဖြစ် လုပ်ရမည် ဖြစ်သည့်အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်ဟု တွစ်ဝာာ တွင် ရေးသားခဲ့ပြန်သည်။

မင်းအောင်လှိုင် ၏ အလိမ်အညာ အောက်တွင်အာဆီယံသည် မြန်မာ အပါအဝင် အဖွဲ့ဝင် အားလုံး၏ အချက် ငါးချက်ပါ ဘုံရပ်တည်ချက်ဖြင့် မြန်မာ အရေး ကို ဖြေရှင်းသွားမည်ဟု ကမ္ဘာသိ ကျေညာခဲ့ပြီး ဖြစ်သော်လည်း နောက်ပိုင်းတွင် တချက်တလေမျှပင် လိုက်လျော ခဲ့ခြင်း မရှိ၍ သုံးစားမရသော အဖွဲ့ကြီး အဖြစ် ယူဆခံလာရခြင်းနှင့်အတူ ဖိအားပေးမှုများနှင့် တိုး၍တိုး၍ ရင်ဆိုင်လာခဲ့ရသည်။


နောက်ဆုံးတွင် ဥက္ကဌ အဖြစ် တာဝန်ယူထားရသည့် ဘရူနိုင်းသည် မြန်မာ ကိုယ်စားလှယ် အဖြစ် နိုင်ငံရေး နှင့် မပတ်သက်သူ တဦးဦးကို ရွေးချယ်ရန် ကြားဝင် ဆုံးဖြတ်ပေးလိုက်သည်။


နိုင်ငံခြားရေး ရာ များတွင် ဖာသိဖာသာ နေတတ်သည့် အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ ကပင် အထူးသံတမန် နှင့် ဒေါ်အောင်ဆန်းစုကြည်အား ပေးမတွေ့ခြင်းသည်ကပင် ၎င်းတို့ ပေးထားသော ကတိကဝတ်များကို လိုက်နာခြင်း မရှိဟု ဝေဖန်လိုက်သည်၊ ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် ဧပြီ ၂၄ ဂျကာတာ ထိပ်သီး အစည်းအဝေး တွင် နှုတ်အားဖြင့် မည်သို့သော ကတိများ ပေးခဲ့ပေသနည်း ဆိုသည်က စဉ်းစားစရာ ဖြစ်လာရသည်။


ထိုသို့ မင်းအောင်လှိုင်အား ကျဉ်ထားရန် အကြံသည်လည်း မိမိတို့မှ အစပျိုးလာခြင်း ဖြစ်သည်ဟု ဂျိုကိုဝီက အတည်ပြုခဲ့သည်။အာဆီယံ၏ မူလ ပထမ နိုင်ငံများက မင်းအောင်လှိုင် ပါလျှင် အရှေ့အာရှ ထိပ်သီး အစည်းအဝေး သို့ အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခြင်းမရှိမည်ကို စိုးရိမ်လာနေသည်ဟု သတင်းက ဆိုသည်။


ကုလ အတွင်းရေးမှူးချုပ် က ဝဏ္ဏမောင်လွင် မျက်နှာကိုပင် မကြည့်ချင်၍ အစည်းအဝေး ရွှေ့ဆိုင်း လိုက်ခြင်းကပင် အာဆီယံ ခေါင်းဆောင်များ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပုံ ရှိသည်။နိုင်ငံရေး နှင့် မပတ်သက်သူ ဟူသည်ကလည်း စစ်တပ်နှင့် နွယ်ဆက်နေသော်လည်း ကြားနေ သဘောထား ရှိသူကို အာဏသိမ်း အဖွဲ့က ရွေးချယ်ပေးရမည်ဟု သိရသည်။


ယခုအခါ အာဆီယံသည် တနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရ မူကို ပြန်လည် သုံးသပ်ရန် စဉ်းစားလာပြီဟုလည်း ဆိုသည်။အာဆီယံ အဖို့ နောက်ထပ် ကြုံရမည့် ပြဿနာကအက္ခရာစဉ်အတိုင်း ဥက္ကဌ ရာထူးကို အာဏာရှင်လက်ဟောင်းကြီး ဟွန်ဆန် အုပ်ချုပ်နေသော ကမ္ဘောဒီယား သို့ လွှဲပြောင်းပေးရမည့် အရေးနှင့် ရင်ဆိုင်ရတော့မည် အရေး ဖြစ်သည်။


၂၀၀၆ ခုနှစ် အတွင်း မြန်မာအား ဥက္ကဌ ရာထူး လွှဲပြောင်းပေးရမည် ဖြစ်လာ၍ အကျပ်ရိုက်နေကြချိန်တွင် မြန်မာဖက်က အလိုက်တသိဖြင့် အဆင်သင့် မဖြစ်သေးပါ ဟု ဆိုကာ ငြင်းဆိုသွားခဲ့၍ အာဆီယံ အဖို့ အသက်ရှု ချောင်သွားခဲ့ရသည်။


အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အတွက် အသုံးချလို့ ရမည့် အရင်းအမြစ်များကို လက်လွှတ်ခံချင်ပုံမရ၍ အစည်းအဝေး ကို တက်ချင်နေကြသည်မှာ သိသာ ထင်ရှားလွန်းလှသဖြင့် အာဆီယံ ၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ လမ်းကြောင်းကို ဖြတ်တောက်ပစ် နိုင်ခဲ့သည်၊ ရှေ့လျောက်လည်း ၎င်းတို့၏ အမူအကျင့်များ ပြောင်းအောင် ထပ်၍ ဖြတ်တောက်ပစ်ရဦးမည်ဟု ဒေသတွင်း ရောက်ရှိနေသော အမေရိကန် အထက်တန်း အရာရှိကြီးက ဆိုသည်။


လက်ရှိတွင် ၎င်းတို့၏ လုံးဝမှားယွင်းနေသော စီမံခန့်ခွဲမှု များ ကြောင့် စီးပွားရေး အကျပ်အတည်းများ ကြုံနေရခြင်းကို မြေပြင်ရှိ မိမိတို့ လူများ၏အပြောကြောင့် သိရှိထားပြီး ဖြစ်သည်ဟုလည်းမှတ်ချက်ချခဲ့သည်။


ယခုအခါ ငွေကြေး ဖေါင်းပွမှု မြင့်မားလာခြင်း၊ စားကုန် ဈေးနှုန်းများ မြင့်တက်လာနေခြင်း၊ ငွေသား ပြတ်လတ်လာနေခြင်း၊ ငွေတန်ဖိုး ၆၀% ကျဆင်းသွားခြင်း အစရှိသည်တို့သည် စီးပွားရေး ပြိုလဲလိုက်လာနေပြီ ဆိုသည့် အညွှန်းကိန်းများပင် ဖြစ်သည်ဟု ပြည်ပရင်းနှီးမြုပ်နှံသူများ က တွက်ချက်ယူဆထားခဲ့ကြပြီး ဖြစ်သည်။


ထိုအချက်ကို နေပြည်တော်ရှိ ‌ဒေါ်လာ ၄၅ သန်းတန် Kempinski ဟိုတယ်ကြီးပိတ်ပင်လိုက်ခြင်းကပင် သက်သေပြနေပြီ ဖြစ်သည်။ပြည်ပရင်းနှီး မြုပ်နှံလိုသူများက လတ်တလော အကျိုး အမြတ်ရလို၍ မဟုတ်ပဲ ရှေ့လျောက် တောက်ပလာမည့် အနာဂတ် အတွက် ရည်ရွယ် မြုပ်နှံခဲ့ကြခြင်းသာ ဖြစ်ပြီး၊ ယခုတော့ သဲထဲရေသွန် ဖြစ်ရပြီ ဟု ဂျပန် လုပ်ငန်းရှင်တဦးက မှတ်ချက်ချခဲ့သည်။


သို့သော် မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်၍ ပြည်သူများက တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသော စစ်ကောင်စီ ၏ ရင်းနှီးမြုပ်နှံမှူ တာဝန်ခံ ဆိုသူ အောင်နိုင်ဦးအား ဩစတေးသျှ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့် အစ္စရေး ကုန်သည်ကြီးများ အသင်း ကိုယ်စားလှယ်များက စက်တင်ဘာ ၂၄ ရက်တွင် လူကိုယ်တိုင်လာရန် ဖိတ်ခေါ်သော အစည်းအဝေးသို့ တက်ခဲ့ကြပြန်သည်။


ဆယ်နှစ် အတွင်း တဆင့်ပြီး တဆင့်တည်ဆောက်ခဲ့ရသည့် စီးပွားရေး အဆောက်အအုံကြီးသည်ကား ဘူဒိုဇာ နှင့် တိုက်ချ ခံလိုက်ရသလို တိုတောင်းသော အချိန်အတွင်း ပြိုလဲယိမ်းယိုင်သွားခဲ့ရပြီ ဖြစ်သည်။


တကယ်တမ်းတွင် စစ်ကောင်စီ အဖို့ ထိုသို့ ဖြစ်ပါစေဟု မရည်ရွယ်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် အစဉ်အဆက် မိမိတို့ အကျိုးစီးပွားကို တစက် ကလေးမျှ အထိအခိုက် မခံလိုခြင်း၊ မည်သို့ လုပ်ရမည်ကို နားမလည်ကြခြင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပင် သုံးစားမရမှန်း သိ၍ ဘေးထုတ်ခံနေရသူများကို စစ်ကောင်စီက စီးပွားရေး ဂုရုကြီးများသဖွယ် နေရာပေးလာခဲ့ခြင်း စသည်များက အဓိကနေရာမှ ပါဝင်လျက် ရှိသည်။


ထိုအရေးကို ဦးစားပေး ဖြေရှင်းရမည်အစား ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ အပေါ် အယုံအကြည်မဲ့အောင် ပြုလုပ်နေသည့် smear campaign က သူတို့အတွက် ပို၍ အရေးကြီးလာနေသည်။ သို့သော်လည်း မည်သူတဦးတယောက်မျှ ယုံကြည်ခြင်း မခံရ၍ ကိုယ့်ရှုးကိုယ်ပတ်လာနေပြီဖြစ်သည်၊ ၎င်းတို့၏ မူလရည်ရွယ်ချက်ကိုကား တပ်တွင်း ရှိ အရာရှိများမှ နိုင်ငံ ခေါင်းဆောင်များကို အကျင့်ပျက် နေသူများ အဖြစ် ရှုမြင်လာဖို့က ပို၍ အရေးကြီးနေသည်၊ ထို့အတွက်ကြောင့်လည်း စဉ်းစားရသမျှ တမှုပြီး တမှု ထပ်တိုးနေခြင်းပင် ဖြစ်သည်။


ရလဒ် အဖြစ် ကုလသမဂ္ဂ တွင်လည်း နေရာမရ၊ အပိုင်တွက်ထားသော အာဆီယံ တွင်လည်း ဝင်တိုး၍ မရ သော အနေအထား နှင့် ကြုံလာရပြီ ဖြစ်သည်။အမေရိကန် ဖက်မှ နောက်ထပ် ခြေလှမ်းအဖြစ် မြန်မာ အရေး အတွက် အရှေ့တောင်အာရှ တွင် ခရီးလှည့်နေသော နိုင်ငံခြားရေး ဝန်ကြီး၏ အကြံပေး ဒဲရက် ချိုလက် သည် စင်္ကာပူ၏ ငွေကြေး အာဏာပိုင် အဖွဲ့ ဒုတိယ ဦးဆောင် ညွန်ကြားရေးမှုး ဟိုဟန်းရှင်နှင့် တွေ့ဆုံပြီး စစ်ကောင်စီ၏ အပ်နှံထားမှုများကို ထုတ်နှုတ်ယူနိုင်မည့် နည်းလမ်းများကို ကန့်သတ်ဟန့်တား နိုင်ရေး ဆွေးနွေးခဲ့မှုသည် အကျိုးဖြစ်ထွန်းမှု ရှိခဲ့သည်ဟု ထုတ် ပြောလာခဲ့သည်။


မြန်မာပြည် အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်၊စစ်ကိုင်း နှင့် မကွေးတိုင်း ဒေသကြီးများတွင် စစ်တပ်မှ အင်အား အလုံအရင်း တိုးမြှင့်လာနေပြီး အရှိန်မြှင့် တိုက်ခိုက်လာနေမှု အပေါ် ကုလလုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ပေးရန် Burma Campaign (UK) က တောင်းဆိုလာခဲ့သည်။ထို့ပြင် ကမ္ဘာ အနှံ့ရှိ လူ့အခွင့်အရေး အဖွဲ့ပေါင်း ၁၀၀ ခန့်ကလည်း မြန်မာပြည်ရှိ လက်ရှိ ပဋိပက္ခများကို ကုလ အတွင်းရေးမှုးချုပ် ကိုယ်တိုင် ကြားဝင် ဖြန်ဖြေပေးရန် စုပေါင်း လက်မှတ်ရေးထိုးကာ စာရေးသား ပေးပို့ တောင်းဆိုခဲ့ကြပြန်သည်။


စစ်ကောင်စီသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့်အဖမ်းဆီးခံနေရသူ ထောင်ချီပြီး လွှတ်ပေးခဲ့သော်လည်း တရက်ပင် မရှိသေးခင်မှာပင် လွိုင်ကော်တွင် ကက်သိုလစ် ဘုန်းတော်ကြီးများ ကုသိုလ်ဖြစ် အသင်း Carticas အဖွဲ့ဝင် ၇ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည် ဆိုသော သတင်းက ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြန်သည်။


မိမိတို့ဖက်မှလည်း စစ်ကောင်စီ၏ အခြေ အနေများ ယိမ်းယိုင်လာနေမှု အပေါ် သာယာမနေပဲ တော်လှန်ရေးကြီး ကို အရှိန်မြင့်သည်ထက်မြ‌င့်အောင် မြှင့်တင်ပေးရ‌တော့မည် ဖြစ်‌သည်။ စစ်အာဏာရှင် စနစ်ကို အမြစ် ဖြတ်နိုင်ဖို့က ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ဇွဲရှိမှု အပေါ်တွင် တည်မှီနေပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!


(ပုံတွင် ကယားပြည်နယ် အတွင်းရှိ စစ်ပြေးရှောင် ပြည်သူများ နေထိုင်ရပုံကို ဗာတီကန် သတင်းတွင် ဖေါ်ပြထားသည်ကို တွေ့နိုင်သည်)


ကိုးကား – Reuters / The Diplomat