မအလကို အစည်းအဝေး ပေးမတက်ရုံနဲ့ မလုံလောက်ဟု အမေရိကန်ကပြော


မအလကို အစည်းအဝေး ပေးမတက်ရုံနဲ့ မလုံလောက်ဟု အမေရိကန်ကပြော

အာဏာသိမ်းစစ်ရာဇဝတ်ကောင် မအလကို အာဆီယံထိပ်သီးအစည်းအဝေးပေးမတက်ရုံနဲ့ မလုံလောက်သေးဘူးလို့ အမေရိကန်အိမ်ဖြူတော်အမျိုးသားလုံခြုံရေးဒါရိုက်တာတဦးဖြစ်တဲ့ Edgard Kagan က ဒီကနေ့ပြောဆိုပါတယ်။


ဒီကနေ့ကျင်းပတဲ့ ‘the Quad and Korea Forum” အွန်လိုင်းအစည်းအဝေးမှာ Edgard Kagan က ပြောလိုက်တာပါ။ အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အစည်းအဝေးပေးမတက်ဖို့ ဆုံးဖြတ်တာဟာ ကြိုဆိုရမှာဖြစ်ပေမယ့် အဲဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ Edgard Kagan ကပြောပါတယ်။


မြန်မာပြည်သူတွေနဲ့ ပွင့်လင်းစမြန်မာ့ဒီမိုကရေစီဟာ အာဏာသိမ်းစစ်တပ်ကြောင့် အရာရာပျက်စီးသွားရတာမို့ အာဆီယံအပါအဝင် ဒီမိုကရေစီလိုလားသူအားလုံးက အာဏာသိမ်းခေါင်းဆောင်တွေကို အခုထက်ပိုမိုထိရောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့လိုတယ်ဆိုပါတယ်။


Edgard Kagan ရဲ့မှတ်ချက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ရဲ့ အာဆီယံခရီးစဉ်နဲ့အချိန်ကိုက်ဖြစ်နေတာမို့ ထိုင်း စင်ကာပူနဲ့ အင်ဒိုနီးရှားခရီူစဉ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပိုမို ထိရောက်တဲ့ဖိအားပေးမှုတွေပေးဖို့ဆိုတာ သေချာတယ်လို့ ဘန်ကောက်သံတမန်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။


အမေရိကန်အထူးကိုယ်စားလှယ်အဖွဲ့ခရီးစဉ်မှာလိုက်ပါလာသူတဦးအဆိုအရ ဆွေးနွေးတဲ့အထဲမှာ မြန်မာစစ်တပ်အသိုင်းအဝိုင်းက ရရှိနေတဲ့ စင်ကာပူ နဲ့ ထိုင်းဘဏ်တွေက ငွေလမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ပါသလို အာဆီယံအနေနဲ့ အာဏာသိမ်းစစ်တပ်ကို တရားဝင်အသိအမှတ်ပြုတဲ့ပုံစံမျိုး မဆက်ဆံရေးတွေ ပါဝင်တယ်ဆိုပါတယ်။


လောလောဆယ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်ဟာ ထိုင်းကတဆင့် စင်ကာပူကို ရောက်ရှိနေပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ အင်ဒိုနီးရှားကို ဆက်လက်ထွက်ခွါမှာဖြစ်ပါတယ်။