တပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း စစ်ကောင်စီဘက်က လာမကောက်သေး


တပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း စစ်ကောင်စီဘက်က လာမကောက်သေး

ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ စစ်ကောင်စီဘက်က လာမကောက်သေးဟု KNLA ပြော


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ ဝင်းရေး (ရေးမြို့နယ်) အတွင်းရှိ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းအနီးတွင် အောက် တိုဘာလ ၂၀ ရက်နေ့ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ခလရ ၂၈၃ ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်း အပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ယနေ့အချိန်ထိ အလောင်းလာကောက်ခြင်း မရှိသေးကြောင်း ဒေသသတင်းရင်းမြစ် Klo FM က သတင်းဖော်ပြသည်။


အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်း ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ ခုခံရွာနှင့် သံပုရာရွာကြားတွင် ၁ ကြိမ်၊ သံပုရာရွာနှင့် အနန်းကွင်းရွာကြားတွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူး သန်းဝင်းထွန်းအပါအဝင် ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။


နယ်မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၂၈၃ ဖြစ်ပြီး လက်နက်အတိုအရှည်အပါအဝင် ၇ လက် သိမ်းဆည်းရမိကာ ကားတစ်စီးပျက်စီးသွားကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။


တိုက်ပွဲကျသွားခဲ့သည့် ယာယီတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအလောင်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ထိ ပြန်လည်သယ်ဆောင်သွားခြင်းမရှိသေးဟု ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။


အောက်တိုဘာလ ၂၀ ရက် ညပိုင်းတွင်လည်း ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ ထပ်မံစစ်ရေးလှုပ်ရှားလာသည့်အတွက် နယ်မြေခံ KNLA တပ်နှင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိကြောင်း နယ်မြေခံ KNLA တပ်ထံမှ သိရသည်။


ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ Photo Credit – Klo FM