အနော်ရထာစစ်ဆင်ရေး နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိပ်တိုက်တွေ့ကြတော့မည်


အနော်ရထာစစ်ဆင်ရေး နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိပ်တိုက်တွေ့ကြတော့မည်

စစ်ကောင်စီတပ်တွေရဲ့ ကွပ်ကဲရေးဌာနချုပ်တွေမှာ ‘အနော်ရထာ စစ်ဆင်ရေး’ အတွက် စစ်သုံးမြေပုံတွေ ဖြန့်ခင်းနေချိန် ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေ ပြောနေပါတယ်။


‘အနော်ရထာ စစ်ဆင်ရေး’ ဆိုတာ ပခုက္ကူ – မုံရွာ – ကလေး စစ်ဌာနချုပ်တွေကို ဗဟိုပြုပြီး အနောက်ဘက် ချင်းတောင်တန်းတွေပေါ် အထိ ဒေသကာကွယ်ရေးတပ် LDF တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF အဖွဲ့ အသီးသီးကို ကိုင်တွယ်ဖို့ရာ စစ်ကောင်စီ ဘက်က ဖော်ဆောင် လာနေတဲ့ စစ်ဆင်ရေး နာမည်ဖြစ်တယ် ဆိုပြီး နိုင်ငံတကာ အကဲခတ်တွေပါ လိုက်လံရည်ညွှန်း သုံးစွဲ လာနေတဲ့ နာမည် ဖြစ်ပါတယ်။


မုတ်သုံမိုးနဲ့ စိုစွတ်နေခဲ့တဲ့ မြေကြီးတွေ ခြောက်သွေ့ချိန် ရောက်လာတော့မယ့် အောက်တိုဘာ နှောင်းချိန်မှာ အနော်ရထာစစ်ဆင်ရေးကို အရှိန်အပြည့်နဲ့ တွေ့လာရနိုင်တယ် ဆိုပြီး နိုင်ငံတကာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။


အာရှ-ပစိဖိတ် ဒေသတလွှား စစ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ အကဲခတ် ဖြစ်ပြီး၊ IHS Janes စစ်ရေးသုတေသန အဖွဲ့က ကျွမ်းကျင်သူ အန်ထော်နီ ဒေးဗစ်ကတော့ အနော်ရထာ စစ်ဆင်ရေး ဆိုတာ D- day လျှို့ဝှက် သတ်မှတ်ရက်မှာ အလစ်အငိုက်ယူ ဗြုန်းစားကြီး တိုက်ခိုက်လာမှာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။


တစ်ခုနဲ့တစ်ခု အချိတ်အဆက် ရှိနေကြမယ့် ထိုးစစ်တွေကို အောက်တိုဘာနှောင်းကစလို့ ခြောက်သွေ့ရာသီ တလျှောက်လုံး အသုတ်လိုက် အသုတ်လိုက် အလီလီအလာလာ တိုက်လာဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။


အနော်ရထာ စစ်ဆင်ရေးအတွက် ဘာတွေ ပြင်ဆင် နေကြလဲ


စစ်ကောင်စီတပ်တွေရဲ့ အင်အားတိုးချဲ့ ပြင်ဆင်နေမှုတွေကို စက်တင်ဘာကစပြီး ရှိနေခဲ့တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ ခြေလျင် တပ်ရင်းတွေကိုသာမက၊ ယန္တရားတပ်တွေ၊ အမြောက်နဲ့ သံချပ်ကာတပ်တွေကိုပါ ပြောင်းရွှေ့ နေရာချနေခဲ့ကြတယ်လို့ ဆိုပါတယ်။


နယူးဒေလီ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ လေ့လာရေး အင်စတီကျူ့က အကြီးတန်းသုတေသီ တစ်ယောက် ဖြစ်တဲ့ အန်ရှူမန် ချောက်ဒရီကလည်း စစ်ကောင်စီ တပ်တွေဟာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသတကြော နယ်မြေတွေက လက်နက်ကိုင် အံတုမှုတွေကို ချေမှုန်းနိုင်ဖို့ ရည်မှန်းချက်နဲ့ ပြင်ဆင်နေတာ ဒွိဟဖြစ်ဖွယ် မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။


သူပြောတဲ့ အနောက်ဘက် ဒေသတကြောဆိုတာ အင်အားကြီး ကချင်တပ် KIA ရှိရာာ မြောက်ဘက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ရခိုင် ဘင်္ဂလားပင်လယ်အော်ကြား ကွေးညွတ် တည်ရှိနေတဲ့ ဗျူဟာမြောက် တနံတလျား ဒေသကို ရည်ညွှန်းသုံးစွဲတာ ဖြစ်ပါတယ်။


ဒေသကာကွယ်ရေး အဖွဲ့တွေ ၊ PDF တွေ၊ ချင်းမြေ ကာကွယ်ရေး CDF အဖွဲ့တွေ လှုပ်ရှားမှု အားကောင်းနေတဲ့ မကွေး၊ စစ်ကိုင်းနဲ့ ချင်းတောင်တန်းဒေသကို ကိုင်တွယ်ဖို့ရာ စစ်ကောင်စီတပ်တွေ ဦးတည် ပစ်မှတ်ထား ပြင်ဆင်နေကြတယ် အချက်ကို အန်ရှူမန်ကလည်း သဘောတူပါတယ်။


“အဲဒီဒေသတွေဟာ (မကွေး၊ စစ်ကိုင်းနဲ့ ချင်း) PDF အားအကောင်းဆုံး နေရာတွေထဲ ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာ စစ်ကောင်စီဘက်က အတော်အထိနာတယ်လို့ ယုံကြည်ရတယ်။ ကွယ်ဝှက် မထားနိုင်လောက်အောင်ကို အထိအခိုက် အကျအဆုံးဟာ ကြီးကြီးမားမား ရှိနေခဲ့တယ်။ ဒါ့ကြောင့် အဲဒီ ဒေသတွေတလွှား PDF တွေ ဖြန့်ကျက်ရှိနေတဲ့ ကွန်ရက်တစ်ခုလုံးကို မလှုပ်သာ မရှားသာ ဖြစ်အောင် ပြုလုပ်ဖို့ စစ်ကောင်စီတပ်တွေ ပြင်ဆင်နေတာ ဖြစ်တယ်”လို့ အာရှူမန်က ဆိုပါတယ်။


စစ်ကောင်စီတပ်တွေဟာ မြေပြင် ဝေဟင် ပူးတွဲ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီး လုပ်လာဖွယ် ရှိတယ်လို့လည်း အာရှူမန်က ပြောပါတယ်။


ထိပ်တန်းစစ်ဗိုလ်ချုပ် ၂ ယောက် တိုက်ရိုက် ကွပ်ကဲ

အနော်ရထာစစ်ဆင်ရေးကို မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ တိုင်းမှူး အဆင့်ထက် ပိုပြီး နေပြည်တော်က တိုက်ရိုက်လာတဲ့ ပိုစီနီယာဖြစ်တဲ့ ဗိုလ်ချုပ်တွေ ကွပ်ကဲ နေပုံရတယ် ဆိုတဲ့ ပြောဆိုမှုမျိုးတွေကိုလည်း စစ်ရေး သုတေသီထံကနေ ထွက်ပေါ် နေပါတယ်။


လက်နက်မပြည့်မစုံနဲ့ တူမီးလွယ် တိုက်ကြရတဲ့ PDF တွေ ရဲ့ လက်ချက်နဲ့ အထိနာရ ကောင်းမလား ဆိုပြီး နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် နေအိမ် အကျယ်ချုပ် ချခံရတဲ့ အထိ ဖြစ်ခဲ့တယ် ဆိုတဲ့ အတည် မပြုနိုင်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တဲ့နောက် ပိုပြီး “အမာလိုင်း” ဖြစ်တဲ့ စီနီယာ ဗိုလ်ချုပ် ၂ ယောက် နေပြည်တော်ကနေ ဆင်းလာတယ်လို့ ဆိုပါတယ်။


အန်ထော်နီ ဒေးဗစ်ရဲ့ အဆိုအရတော့ အဲဒီသူ နှစ်ယောက်ဟာ ပြည်ထဲရေး ဌာနမှာလည်း ထိပ်တန်း တာဝန်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ ဗိုလ်ချုပ်သန်းလှိုင်နဲ့ ၊ နမခ အပါအဝင် အလယ်ပိုင်းတိုင်းနဲ့ မြောက်ပိုင်းတိုင်းကိုပါ ကွပ်ကဲရတဲ့ အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ ရဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး တေဇကျော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီတော့ .. အဲဒီ စစ်ကောင်စီ ထိပ်တန်း ဗိုလ်ချုပ် နှစ်ယောက်ရဲ့ လက်အောက် အင်အား ဘယ်လောက်ထိ သုံးပြီး အနော်ရထာ စစ်ဆင်ရေးကို လုပ်ကြမလဲ ဆိုတဲ့ မေးခွန်း ထွက်လာစေပါတယ်။


“နည်းဗျူဟာ လိုအပ်ချက်ပေါ် မူတည်ပြီး သုံးစွဲမယ့် အင်အားပမာဏ အပြောင်းအလဲ ရှိနိုင်တယ်၊ အနောက်ဘက် မျက်နှာစာတကြော ချထားနှင့်ပြီး တပ်အင်အား အထူးသဖြင့် အခြေခံ အင်းအား ဖြစ်တဲ့ ခြေလျင် တိုက်ခိုက်ရေး တပ်အင်အားဟာ ၃ သောင်း ဝန်းကျင်ထိ ရှိနိုင်ပါတယ်” လို့ အန်ထော်နီ ဒေးဗစ်က သုံးသပ်ပါတယ်။


အဲဒီ ခြေလျင်တပ်တွေကို ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ သုံးပြီးတော့ ဝေဟင် ပစ်ကူပေးလာတာမျိုးလည်း အနော်ရထာစစ်ဆင်ရေးမှာ တွေ့မြင်ရဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။


ချင်းမြေ ကာကွယ်ရေး အဖွဲ့ CDF တွေ၊ ဒေသကာကွယ်ရေး LDF/PDF တွေ အားအကောင်းဆုံး ဖြစ်နေတာ ချင်းမြောက်ပိုင်းနဲ့ စစ်ကိုင်း အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဖြစ်တယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုကြပါတယ်။


အဲဒီနေရာတွေဟာ လက်နက်ပြည့်စုံတဲ့ လူမျိုးစု လက်နက်ကိုင်တပ်တွေ ကာလတာရှည် လှုပ်ရှားရာ နေရာတွေနဲ့ တဆက်တည်း ဖြစ်နေပြီး ဒေသကာကွယ်ရေး အဖွဲ့တွေ အနေနဲ့ စစ်ရေးသင်တန်း က အစ၊ လက်နက်နဲ့ စစ်ဆင်ရေး အထောက်အကူ အဆုံး ရရှိနိုင်ကြတယ်လို့ သုံးသပ်ကြပါတယ်။


ဒါ့ကြောင့် အဲဒီဇုံတွေမှာ PDF တွေရဲ့ စစ်ရေး စွမ်းဆောင်နိုင်ရည် မြင့်ပြီး လှုပ်ရှားမှု ပိုပြင်းထန် မြင့်တက်လာတာ တွေ့နေရတယ်လို့ ဆိုပါတယ်။


ချင်းမြောက်ပိုင်း ထန်တလန်နယ်ထဲ ရှိနှင့်ပြီး CNA လက်နက်ကိုင်တပ်နဲ့ အခု ပေါ်လာတဲ့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ပေါင်းစည်းမှု၊ တခါ၊ စစ်ကိုင်း အရှေ့မြောက်ပိုင်း ဒေသတကြော မိုးညှင်း၊ အင်းတော် ၊ ကသာ ကစလို့ ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်း စသဖြင့် နယ်တွေမှာ ကချင် ကေအိုင်အေရဲ့ တပ်မဟာ ၉ နဲ့ ဒေသ PDF အဖွဲ့တွေကြား ပူးတွဲ လှုပ်ရှားမှုတွေ တွေ့နေရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


တခါ မကွေးတိုင်းထဲကို ကြည့်ရင် PDF တွေ စစ်ရေး ဖော်ဆောင်နိုင်မှု အမြင့်ဆုံး တွေ့ရတဲ့ ဒေသတွေက ဂန့်ဂေါ၊ ထီးလင်းနဲ့ ယော စော နယ်တွေမှာ ဖြစ်ပါတယ်။


ဒါ့ကြောင့် စစ်ကောင်စီတပ်တွေ လာမယ့် သီတင်းပတ်တွေထဲ စစ်ရေး အရှိန်မြှင့် ဖော်ဆောင်လာ နိုင်တဲ့ ဇုံတွေဟာ အထက်မှာ ပြောထားတဲ့ ချင်း၊ စစ်ကိုင်းနဲ့ မကွေး ထဲက ဒေသတွေ ဖြစ်တယ်လို့ စစ်ရေး အကဲခတ်တွေက ပြောကြပါတယ်။


အဲဒီလို ဖော်ဆောင်တဲ့ အခါ ချင်းမြောက်ပိုင်း၊ စစ်ကိုင်း အရှေ့မြောက် အရပ်နဲ့ ချင်းတွင်းမြစ်ဝှမ်း နေရာတွေကို မုံရွာနဲ့ ကလေးမှာ ရှိတဲ့ စစ်ကောင်စီ စစ်ဌာနချုပ်တွေ၊ မကွေးမှာ ဆိုရင် ပခုက္ကူ အခြေစိုက် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်တို့ကနေ ဗဟိုပြု ဖော်ဆောင်လာဖွယ် ရှိတယ်လို့ ဆိုပါတယ်။


PDF တွေ အတွက် လူသူ လက်နက် အင်အား ကွာခြားချက်နဲ့ လက်နက်ကြီး ဒဏ် ပြင်းပြင်းထန်ထန် ခံလာရနိုင်ဖွယ် ရှိသလို၊ တစ်ဘက်မှာတော့ နယ်မြေ ပိုင်နိုင် ကျွမ်းကျင်မှု၊ လျှင်လျှင်မြန်မြန် လှုပ်ရှားနိုင်မှုတို့လို ပြောက်ကျားစစ်ရဲ့ အားသာချက်တွေ ရှိနေတယ်လို့ စစ်ရေး အကဲခတ်တွေက ပြောကြပါတယ်။


တခါ၊ စစ်ကောင်စီ တပ်တွေအနေနဲ့ စစ်မျက်နှာဖွင့်ရမယ့် နယ်မြေတွေဟာ တနံတလျား ကျယ်ပြန့် လှတာကြောင် စစ်ကြောင်းတွေ၊ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြန့်ကျက် ရဖို့ ရှိနေပြီး၊ နယ်မြေတိုင်းကို ရေရှည် ထိန်းချုပ်ထားနိုင်ဖို့ ခက်လိမ့်မယ်လို့လည်း သုံးသပ်ကြပါတယ်။


ဒါ့ကြောင့် PDF တွေ အနေနဲ့ ပြန်ပြီး အင်အားစုစည်းတာ၊ တန်ပြန် တိုက်ခိုက်တာတွေ လုပ်နိုင်မယ့် အခွင့်အရေးမျိုးတွေ ရှိလာလိမ့်မယ်လို့လည်း တွက်ဆ နေကြပါတယ်။


စစ်ကောင်စီတပ်ဘက်က ပြည်တွင်းစစ် တလျှောက် အသုံးပြုခဲ့တဲ့ ဖြတ် ၄ ဖြတ် (ရိက္ခာ၊ ဘဏ္ဍာ၊ သတင်း၊ လူထုနဲ့ အဆက်အသွယ် ဖြတ် ) ဆိုတဲ့ နည်း သုံးရာမှာ ဖြစ်စေ၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ရာမှာ ဖြစ်စေ အရပ်သား ထိခိုက်မှုတွေ မလွှဲမရှောင် ကြုံလာရနိုင်တယ် ဆိုပြီးတော့ စစ်ရေး အကဲခတ်တွေက သတိပေးကြပါတယ်။


“ဖြတ် ၄ ဖြတ် နည်းဟာ ဒေသခံ ကျေးရွာတွေ အပေါ် ပစ်မှတ်ထားတဲ့ သာဓကတွေ ပြည်တွင်းစစ် သမိုင်းတလျှောက် တွေ့ခဲ့ရတယ်။ ရန်သူကို အားပေး ထောက်ခံတဲ့ ရွာတွေ အဖြစ် သတ်မှတ် ခံရပြီဆို ရွာလုံးကျွတ်ကို တနည်းနည်းသုံးပြီး လုံးဝ ဖျက်ပစ်လိုက်တာပဲ။ နောက်ပိုင်း ‘နယ်မြေ ရှင်းလင်းရေး’ ဆိုတဲ့ နာမည်အောက် ဒေသခံရွာတွေ ပစ်မှတ်ထားခံရတာမျိုး သိပ်မဝေး လှတဲ့ ရခိုင်ထဲက စစ်ဆင်ရေးတွေမှာ တွေ့ခဲ့ရတယ် မဟုတ်လား” ဆိုပြီး အန်ရှူမန်က ဆိုပါတယ်။