သံတမန်အရေး ၊ စီးပွားရေးနဲ့ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ


သံတမန်အရေး ၊ စီးပွားရေးနဲ့ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ

” နိုင်ငံစုံက စီးပွားရေးလုပ်ငန်း ကုမ္မဏီတွေကို စစ်အစိုးရနဲ့ စီးပွားရေးဖြတ်တောက်စေခြင်းဟာ မြန်မာပြည်သူတွေအတွက် ဆင်းရဲမှု့ဒုက္ခ အဆုံးသတ်စေရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ပါ ။


ဒီလိုမဟုတ်ပဲ နိုင်ငံစုံ စီးပွားရေးကုမ္မဏီတွေဟာ လွတ်လပ်မှု့နဲ့ ဒီမိုကရေစီတိုးတက်ဖို့အတွက် ထောက်ခံအားပေးမှု့မပါပဲ ကျင့်ဝတ်ဖောက်ဖျက်နေမယ်ဆိုရင်တော့ ၊ တော်လှန်ရေးဆင်နွှဲနေတဲ့ မြန်မာပြည်သူတွေကို အပြစ်တင်လို့မရဘူး ။ ”


ဒါကတော့ Modern Diplomacy သတင်းဌာနက တင်ပြ ဝေဖန်ထားတဲ့ သတင်းဆောင်းပါးပါ ။ ဆောင်းပါးကောက်နုတ်ချက်ကတော့ …၊


၂၀၁၉ ခုနှစ်၊ ကုလသမဂ္ဂဆိုင်ရာ စီးပွားစောင့်ကြည့်ရေးမစ်ရှင်ရဲ့ မြန်မာ့စီးပွားရေး အစီရင်ခံစာမှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ( MEC ) နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားတယ်လို့ ဖော်ပြပါတယ် ။


အိမ်ခြံမြေ ၊ အာမခံ ၊ ကျမ်းမာရေးစောင့်ရှောက်မှု့ ၊ ကုန်ထုတ်လုပ်မှု့ ၊ သယံဇာတထုတ်ယူရေးလုပ်ငန်း ၊ ဆက်သွယ်ရေးကဏ္ဍတွေကို ထိန်းချုပ်ထားတာပါ ။ ဒီလုပ်ငန်းတွေကို အိန္ဒိယ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ဟောင်ကောင်ကုမ္မဏီတွေ အများဆုံးနဲ့ ဆက်သွယ်ထားတယ်လို့ ဒီအစီရင်ခံစာက ဖော်ပြပါတယ် ။


ဒါ့အပြင် ၊ အကျိုးအမြတ်မယူသော စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justic of Myanmar အဖွဲ့ဟာ စစ်တပ်ခေါင်းဆောင်တွေရဲ့ ဘဏ်အကောင့်တွေထဲကို ငွေတွေ ဘယ်လိုဝင်လာသလဲ ဆိုတာကို အချက်အလက် အတိအကျ ၊ ကိန်းဂဏန်းအတိအကျနဲ့ ဖော်ထုတ်ခဲ့ပါတယ် ။


မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ( MOGE ) ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ငွေကြေးအရောင်းအဝယ်လုပ်ငန်း ၊ အကျိုးအမြတ် ခွဲဝေမှု့တွေနဲ့ TOTAL ( ပြင်သစ် ) ၊ CHEVRON ( အမေရိကန် ) ၊ PTTEP ( ထိုင်း ) ၊ PETRONAS ( မလေးရှား ) ကုမ္မဏီတွေနဲ့ အကျိုးတူ လုပ်ကိုင်နေပါတယ် ။ အပြည်ပြည်ဆိုင်ရာ စီးပွားဖက်များနဲ့ စာချုပ်စာတမ်းများကို စစ်တပ်က ကိုင်တွယ်ထားပါတယ် ။


၂၀၂၂ ခုနှစ်မှာ POSCO ( တောင်ကိုရီးယား ) သဘာဝဓာတ်ငွေ့ ကုမ္မဏီကနေ အကျိုးအမြတ် ဒေါ်လာ ၁.၅ ဘီလီယံ ရလိမ့်မယ်လို့စစ်တပ်က ခန်းမှန်းထားတာပါ ။လက်ရှိမြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို စစ်တပ်နဲ့ သူတို့ကိုထောက်ခံတဲ့ ခရိုနီတွေ က ထိန်းချုပ်ထားပါတယ် ။ ပြည်သူတွေက ဆင်းရဲဒုက္ခရောက်နေပြီး သူတို့ချမ်းသာနေတာဟာ လူထုနဲ့ ပညာရှင်တွေအတွက် တွေးစရာတွေပါ ။


နဝတခေတ် ၊ ၂၀၀၉ ခုနှစ်မှာ အမေရိကန် ၊ ဗြိတိန်နဲ့ အခြားဒီမိုကရေစီနိုင်ငံတွေဟာ တရုတ်ရဲ့ ပထဝီဝင်နိုင်ငံရေး လွှမ်းမိုးမှု့ကို ဆန့်ကျင်ဖို့ မြန်မာနဲ့ ဆက်သွယ်လာကြတယ် ။ နိုင်ငံစုံကုမ္မဏီတွေဟာ ပြည်သူကို ဆင်းရဲတွင်းထဲ တွန်းပို့နေတဲ့ မတရားတဲ့ စစ်အစိုးရနဲ့ ဆက်သွယ်နေတာဟာ နိုင်ငံစုံ စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းတွေရဲ့ ကျင့်ဝတ်နဲ့ ညီညွတ်နိုင်ပါ့မလား ။


ဒီမေးခွန်းဟာ အရေးကြီးပေမယ့် နိုင်ငံစုံ ကုမ္မဏီအများစုကတော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဖိနှိပ်ခံရမှု့ ၊ ဆင်းရဲမွဲတောမှု့တွေထက် ၊ သူတို့ရဲ့ ရှယ်ရာရှင်တွေ အကျိုးအမြတ်ရဖို့အတွက် အောက်ခြေက သန်းပေါင်းများစွာသော ပြည်သူတွေကို မျက်ကွယ်ပြုခဲ့ကြတယ် ။


သို့ပေမယ့် ၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု့ကို ကျားကန်မပေးချင်တဲ့ ကုမ္မဏီတွေလည်း ရှိနေပါတယ် ။ သြစတေးလျက ( WOODSIDE ) သထ္ထု့တူးဖော်ရေးကုမ္မဏီဟာ အကျိုးစီးပွားထက် ၊ လူ့အခွင့်အရေးကို ပိုမိုအလေးပေးပြီး စစ်အစိုးရနဲ့ စီးပွားပူးပေါင်းမှု့တွေ ဖြတ်တောက်ခဲ့ပါတယ် ။ TELENOrR ဆက်သွယ်ရေးကုမ္မဏီဟာလည်း စစ်တပ်နဲ့ မဆက်ဆံလိုတဲ့အတွက် လက်ဘနွန်ကုမ္မဏီကို လွှဲပေးခဲ့ပါတယ် ။


မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ မဖြစ်မနေလုပ်ရမယ့် အခြေအနေပါ ။ ဘာ့ကြောင့်လဲဆိုရင် ၊ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲမွဲတေအောင် ဖိနှိပ်လာခဲ့တာပါ ။ ဒါတွေဟာ မြန်မာပြည်သူတွေအတွက် အသစ်အဆန်းမဟုတ်ပါဘူး ။


စစ်တပ်ကကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှု့တွေကို မြန်မာပြည်သူတွေ အကြိမ်ကြိမ် ခံခဲ့ရပြီးပါပြီ ။ ၁၉ ၈၈ ဒီမိုကရေစီတော်လှန်ရေးမှာ နိုင်ငံတကာကို ဂရုမစိုက်ပဲ ရာဇဝတ်မှု့တွေ ကျုးလွန်ပြီး နှိမ်နင်းခဲ့ပါတယ် ။ ၂၀၀၇ ခုနှစ်က ရွှေဝါရောင်အရေးတော်ပုံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သံဃာတွေကို လက်နက်ကြီးတွေနဲ့ ဖြိုခွင်းခဲ့တာပါ ။ ၂၀၁၇ ခုနှစ်မှာလည်း ဘာသာရေးသွေးထိုးလှုံ့ဆော်မှု့တွေကို စစ်တပ်က စတင်ခဲ့ပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင် အာဏာရအစိုးရကို သက်သက်မဲ့ ချောက်ချပြီး ရိုဟင်ဂျာ လူမျိူးများစွာ အသက်ပေးရပြန်ပါတယ် ။


၂၀၂၁ ဖော်ဖော်ဝါရီမှာတော့ အဆိုးဆုံးအခြေအနေတစ်ခုကို စစ်တပ်ကပဲ ဖန်တီးလိုက်ပြန်ပါတယ် ။ ခေတ်အဆက်ဆက်မှာ အကြိမ်ကြိမ် ဒုက္ခပေးနေတဲ့ စစ်တပ်ကို တိုင်းရင်းသားအားလုံး မကြုံစဘူးအောင်ကို စည်းလုံးစွာနဲ့ တော်လှန်ကြပါတယ် ။ ဒီတော်လှန်ရေးကို ” နွေဦးတော်လှန်ရေး ” လို့ အမည်ပေးထားပါတယ် ။


ဒီတစ်ခါ တော်လှန်ရေးမှာတော့ အကြိမ်ကြိမ် ဆင်းရဲဒုက္ခ ခံစားလာရတဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဖိနှိပ် ၊ အပိုင်စီးမှု့တွေကို ခေါင်းငုံ့ မခံကြတော့ပါဘူး ။ နိုင်ငံရေး ၊ စစ်ရေး နည်းလမ်းတွေကို ကမ္ဘာကြီးနဲ့ ဆွေးနွေးတိုင်ပင်ပြီး သတ္တိရှိရှိ ရင်ဆိုင်နေကြပါတယ် ။ အရှုံးပေးဖို့ မရှိတော့ပါဘူး ။


ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ရဲ့ ထောက်ခံ အားပေးမှု့တွေ ရနေသလို ၊ ပြည်တွင်းတော်လှန်ရေးမှာလည်း လက်နက်မသာပေမယ့် စိတ်ဓာတ်ကောင်းကောင်းနဲ့ အသာရနေပါတယ် ။


ဒီနေရာမှာ ပြောချင်တာက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးမှာ နိုင်ငံအတော်များများက ထောက်ခံ အားပေးနေပါတယ် ။ သို့ပေမယ့် ၊ နိုင်ငံစုံက စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီး အချို့ကတော့ အောက်ခြေက ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်သူတွေကို မငဲ့ညှာပဲ ၊ စစ်အစိုးရနဲ့ ဆက်လက်စီးပွားရေးလုပ်နေတာဟာ ကော်ပိုရေးရှင်းကျင့်ဝတ် ညီညွတ်ရဲ့လားလို့ စဉ်းစားကြစေချင်ပါတယ် ။


ဒါကတော့ ၊ မော်ဒန်ဒီပလိုမေစီ သတင်းဌာနက ဝေဖန် တင်ပြထားတဲ့ သတင်းဆောင်းပါးအရှည်ကြီးထဲက ကောက်နုတ် တင်ပြလိုက်တာပါ ။ဆိုရရင် …….၊ စစ်အစိုးရကို သက်တန်းဆန့်ပေးနေတဲ့ နိုင်ငံတကာကုမ္မဏီတွေကို မြန်မာပြည်သူတွေအတွက် စာနာပေးဖို့ အသိပေးထားတာပါ ။ နိုင်ငံတကာကနေ စစ်ကောင်စီကို နိုင်ငံရေး ၊ စီးပွားရေးနဲ့ တဖြေးဖြေး ချောင်ပိတ်ပါတော့မယ်လို့ သုံးသပ်ချင်ပါတယ် ။


ဘကြီးအောင် LA . ၁၉ အောက်တိုဘာ ၊ ၂၀၂၁