ရုရှားနိုင်ငံတွင်၊ နှစ်ပတ်ထက် နောက်မကျဘဲ ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာဖို့ရှိဟု သတင်းထွက်

2020-08-02 00:42:02


ရုရှားနိုင်ငံတွင်၊ နှစ်ပတ်ထက် နောက်မကျဘဲ ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာဖို့ရှိဟု သတင်းထွက်

ရုရှားနိုင်ငံတွင်၊ နှစ်ပတ်ထက် နောက်မကျဘဲ ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာဖို့ရှိဟု သတင်းထွက်


လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ရုရှားနိုင်ငံမှာ နှစ်ပတ်ထက်နောက်မကျဘဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ မော်စကိုမြို့၊ Gamaleya Institute မှာ စီမံထားတဲ့ ထိုးဆေးတစ်မျိုးဟာ မကြာမီမှာ ကိုဗစ်ကာကွယ်ဆေးအဖြစ် အတည်ပြုဖို့ ရှိနေပါတယ်။


ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အဲဒီဆေးကို လာမယ့် သြဂုတ်လ (၁၀)ရက်မှာ တရားဝင်ဖြန့်ဝေဖို့ သတ်မှတ်ထားပြီး၊ ကနဦးဆုံးအနေနဲ့ ကိုဗစ်လုပ်ငန်းခွင်နဲ့ နီးစပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ဖြန့်ဝေသွားမှာလို့ သိရပါတယ်။ ဒါပေမယ့် မေးစရာရှိတာက ဒါက ဖြတ်လမ်းနည်းတစ်ခုလားဆိုတာပါ။


ရုရှားသိပ္ပံပညာရှင်တွေကတော့ ဒီဆေးအပေါ်မှာ ယုံကြည်မှု လွန်ကဲနေပြီး၊ သြဂုတ်လ (၁၀)ရက်နေ့ဆိုတာကို တွေးပျော်နေကြတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ပညာရှင်အသိုင်းအဝိုင်းကတော့ ဒီဆေးဟာ လုံလောက်တဲ့ သုတေသနမပြုလုပ်ရသေးဘဲ၊ တကယ် ဘေးကင်လုံခြုံမှုရှိမရှိဆိုတာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။


ဒါပေမယ့် ဒီဆေးကို ဦးဆောင်သုတေသနပြုနေတဲ့ စီမံကိန်းဒါရိုက်တာ ဒေါက်တာ Alexander Ginsburg ကတော့ ကမ္ဘာ့ပညာရှင်များရဲ့စိုးရိမ်မှုကို ပယ်ချလိုက်ပြီး၊ ဒီးဆေးကို သူကိုယ်တိုင်တောင် စမ်းသပ်ထိုးသွင်းပြီးပြီဖြစ်ကြောင်း၊ ဘာမှ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။


Sovereign Wealth Fund အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ Kirill Dmitriev ကတော့ ဒီအောင်မြင်မှုဟာ ရုရှုားရဲ့သမိုင်းဝင်အောင်မြင်မှုဖြစ်ကြောင်း ဝင့်ကြွားခဲ့ပြီး၊ ရုရှားနိုင်ငံ ပထမဆုံး အာကာသယာဉ် လွှတ်တင်နိုင်ခဲ့တဲ့ (၁၉၅၇)ခုနှစ်က အောင်မြင်မှုမျိုးနဲ့ ခိုင်းနှိုင်းနေပါတယ်။


လင်းဇော်ကို (D Nae Khit)