မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများ ပိုင်ဆိုင်မှု ပြည်သူလူထုကို ချပြရှင်းလင်း

2020-07-29 21:53:34


မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများ ပိုင်ဆိုင်မှု ပြည်သူလူထုကို ချပြရှင်းလင်း

မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများ ပိုင်ဆိုင်မှု ပြည်သူလူထုကို ချပြရှင်းလင်း


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုနဲ့ ဝင်ငွေတွေနဲ့ ပတ်သက်ပြီး စတုတ္ထ(၁)နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူလူထုကို ပထမဆုံးအကြိမ် ချပြရှင်းလင်း ပြောကြားလိုက်ပါတယ်။


မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဝန်ကြီးတာဝန် မထမ်းဆောင်ခင်ကတည်းက မိသားစုရဲ့လုပ်ငန်းတွေရှိတဲ့ အကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကတည်းက ပိုင်ဆိုင်မှုတွေ ဘဏ်အကောင့်တွေကို ပါတီကိုတင်ပြထားရတယ်လို့ ရှင်းလင်းပြောပါတယ်။


“ဂန့်ဂေါမြို့နယ် ကံရွာမှာ ကုန်စုံဆိုင်ကြီး တစ်ဆိုင်တည်ထားပြီး သီးနှံအရောင်းဝယ်လည်း လုပ်ပါတယ်။ ကုန်သယ်ဆောင်တဲ့ ၁၂ ဘီးကား ၂ စီးနဲ့ ကုန်ကယ့်တဲ့ ကားလေး ၂ စီး ပိုင်ဆိုင်တယ်”လို့ ပြောပါတယ်။


ဒါ့အပြင် ဇနီးဘက်က လယ်တွေယာတွေလည်း အမွေမခွဲရသေးဘဲ မိမိဘက်က ပိုင်ဆိုင်တဲ့ ဝိုင်းနှစ်ဝိုင်းရဲ့ တန်ကြေးက ကျပ် သိန်း ၁၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်း ပြောပါတယ်။


မိသားစုလုပ်ငန်းနဲ့ ပတ်သက်ပြီးလည်း ဝန်ကြီး ဦးမြင့်ဇော်က “သီးနှံပေါ်ချိန်မှာ ကုန်စုံဆိုင်အနေနဲ့ တစ်ရက်ကို သိန်း ၁၀၀ ကျပ်ဖိုးလောက်ရောင်းချရပြီး အမျိုးသမီးနဲ့ ယောက်ဖ တော်စပ်သူမှာလည်း အိမ်စီးကား တစ်စီးစီ ဝယ်ယူထားတယ်လို့”ဆိုပါတယ်။


မကွေးတိုင်းဒေသကြီး၊ဆောက်လုပ်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးက တော့ “ဝန်ကြီးတာဝန် ထမ်းဆောင်တဲ့ ၁၀ လအတွင်းမှာတော့ စုဆောင်းနိုင်ခြင်းမရှိဘဲ။ လေးနှစ်ကျော် အတွင်း လစာကနေ သိန်း ၂၀၀ ကျော်ခန့် စုဆောင်းမိတယ်” လို့ ပြောပါတယ်။

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကတော့ လက်ရှိသူ့ရဲ့ ဘဏ်အကောင့်ထဲမှာ သိန်း ၂၀ ကျပ်နဲ့ i Pad တစ်လုံးသာပိုင်ဆိုင်တယ်လို့ ပြောပါတယ်။


မြန်မာနိုင်ငံမှာ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့မရှိဘဲ လက်ရှိအန်အယ်လ်ဒီအစိုးရလက်ထက်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံးအကြိမ် ထုတ်ဖော် ပြောခဲ့ကြတာပါ။


သတင်း-မင်းထီး