မြောက်ကိုရီးယား တံငါသည်အလောင်းတွေ ပါဝင်တဲ့ ငါးဖမ်းလှေများ ဂျပန်မှာသောင်တင်နေမှု တရုတ်ပယောဂမကင်း

2020-07-25 15:43:17


မြောက်ကိုရီးယား တံငါသည်အလောင်းတွေ ပါဝင်တဲ့ ငါးဖမ်းလှေများ ဂျပန်မှာသောင်တင်နေမှု တရုတ်ပယောဂမကင်း

မြောက်ကိုရီးယား တံငါသည်အလောင်းတွေ ပါဝင်တဲ့ ငါးဖမ်းလှေများ ဂျပန်မှာသောင်တင်နေမှု တရုတ်ပယောဂမကင်း


မြောက်ကိုရီးယား တံငါသည်အလောင်းတွေ ပါဝင်တဲ့ ငါးဖမ်းလှေတွေ ဂျပန်ကမ်းရိုးတမ်းမှာ နှစ်အနည်းငယ်အတွင်း ရာနဲ့ချီ လာရောက်သောင်တင်နေတာဟာ တရုတ်ရဲ့လက်ဝါးကြီးအုပ်စနစ်ကြောင့်ဖြစ်ကြောင်း ဂျပန်အာဏာပိုင်တွေက စွပ်စွဲလိုက်ပါတယ်။


ဂျပန်နိုင်ငံ ကမ်းရိုးတမ်းတွေမှာ (၅)နှစ်အတွင်း မြောက်ကိုရီးယားတံငါသည်အလောင်းတွေ ပါဝင်တဲ့ တံငါလှေပေါင်း (၆၀၀)ကျော်အထိ ရှိခဲ့ပြီး၊ ယမန်နှစ်တစ်ခုတည်းမှာပင် လှေအစီး(၁၅၀)လာရောက် သောင်တင်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ တရုတ်ရဲ့လက်ဝါးကြီးအုပ်စနစ် ဆိုးကျိုူးတွေလို့ ဂျပန်က ပြောခဲ့တာပါ။


NBC News နဲ့ Global Fishing Watch (GFW) ရဲ့ စုံစမ်းဖော်ထုတ်မှုအရ မြောက်ကိုရီးယား တံငါလှေတွေဟာ ယခင်က မြောက်ကိုရီးယားရေပိုင်နက်ထဲမှာသာ ငါးဖမ်းခဲ့ကြပါတယ်။ သို့သော်လည်း တရုတ်ငါးဖမ်းသင်္ဘောတွေက တရားမဝင် ရေပိုင်နက်ဖြတ်ကျော်ပြီး မြောက်ကိုရီးယား ရေပိုင်နက်အတွင်း ငါးဝင်ဖမ်းနေတာ ဆယ်စုနှစ် တစ်စုကျော် ကြာသွားခဲ့ပါပြီ။


အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတာဖြစ်သလို၊ မြောက်ကိုရီးယား ကမ်းရိုးစောင့်တပ်တွေက တရုတ်အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောတွေကို တို့ရဲထိရဲခြင်း မရှိပါဘူး။ တချို့တရုတ်ငါးဖမ်းသင်္ဘောတွေဟာ ကမ်းခြေစောင့်တပ်တွေနဲ့တောင် လာဘ်ပေးလာဘ်ယူ ပြုလုပ်ပြီး တရားဝင်ငါးဖမ်းခွင့်ရသလောက် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။


ဒီအခြေအနေက သမာရိုးကျ မြောက်ကိုရီးယား တံငါသည်တွေ လုပ်ပိုင်ခွင့် ပျောက်ဆုံးကုန်စေခဲ့ပါတယ်။ ဆိုရရင် တရုတ်ငါးဖမ်းသင်္ဘောတွေက အလုံးလိုက်အရင်းလိုက် ရေနက်ပိုင်းအထိ ငါးဖမ်းကြတဲ့အတွက် မြောက်ကိုရီးယားတံငါသည်တွေအဖို့ ငါး ပေါပေါများများ မရရှိတော့ပါဘူး။


ဒီလိုနဲ့ မြောက်ကိုရီးယားတံငါသည်တွေဟာ အန္တရာယ်များလွန်းတဲ့ ကမ်းဝေးပင်လယ်ဆီကို လုံခြုံမှုအပြည့်အဝ မပေးနိုင်တဲ့ ငါးဖမ်းစက်လှေငယ်လေးတွေနဲ့ စွန့်စွန့်စားစား ခရီးထွက်ရပါတယ်။ မြောက်ကိုရီးယားမှာ လူတိုင်း ငါးဖမ်းခွင့်မရှိပါဘူး။ ငါးဖမ်းလိုင်စင်ရှိမှ ငါးဖမ်းရတာပါ။


ဒါ့အပြင် အစိုးရရဲ့ ငါးလိုအပ်ချက်ကိုလည်း ပြည့်မီအောင် ဖြည့်ဆည်းပေးရပါတယ်။ ဒီအချက်တွေကြောင့်ပဲ မြောက်ကိုရီးယားတံငါသည်တွေဟာ အနောက်ဘက်က ပင်လယ်ဝါ၊ အရှေ့ဘက်က ဂျပန်ပင်လယ်အထိ ခိုးဝင်ပြီး မရမက ငါးဖမ်းနေကြရတာဖြစ်ပါတယ်။ အဲဒီမှာ အန္တရာယ်တွေနဲ့ ကြုံပြီး နောက်ဆုံး ပင်လယ်ထဲမှာ အစာငတ်ရေငတ်နဲ့ သေကျေကာ အခုလို ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတော့တာပါ။


လင်းဇော်ကို (D Nae Khit)