ဗီယက်နမ်မှာ ကိုဗစ်ဖြစ်နေတဲ့ မြန်မာသင်္ဘောသား နောက်တဦးတွေ့

2020-07-25 15:26:25


ဗီယက်နမ်မှာ ကိုဗစ်ဖြစ်နေတဲ့ မြန်မာသင်္ဘောသား နောက်တဦးတွေ့

ဗီယက်နမ်မှာ ကိုဗစ်ဖြစ်နေတဲ့ မြန်မာသင်္ဘောသား နောက်တဦးတွေ့


ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ မြန်မာသင်္ဘောသားတဦးမှာ ကိုဗစ် ကူးစက်နေကြောင်း ဗီယက်နမ် အာဏာပိုင်တွေက သောကြာနေ့မှာ ပြောကြားလိုက်တာကြောင့် ဗီယက်နမ်ရဲ့ လူနာအမှတ် ၄၁၃ ဦးမြောက် ဖြစ်လာခဲ့ပါတယ်။


အသက် ၃၁ နှစ်အရွယ် အဲဒီသင်္ဘောသားဟာ ဂျပန်နိုင်ငံကနေ ဇွန်လ ၁၆ ရက်နေ့က ထွက်ခွာလာပြီး ဗီယက်နမ်နိုင်ငံ Hon Gai ဆိပ်ကမ်းကို ဇွန်လ ၂၃ ရက်နေ့မှာ ဆိုက်ရောက်လာတဲ့ လိုင်ဘေးရီးယား မှတ်ပုံတင် IPANEMA သင်္ဘောက ဝန်ထမ်းဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို ဇူလိုင်လ ၆ ရက်နေ့အထိ Quarantine လုပ်ထားပြီးတဲ့နောက်မှာ ဟိုတယ်ကို ပြောင်းထားခဲ့တယ်လို့ ဆိုပါတယ်။


ဇူလိုင်လ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ စမ်းသပ်မှုအတွင်း ကိုဗစ် ဖြစ်နေတယ်ဆိုတဲ့ ရောဂါလက္ခဏာ မပြခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် စမ်းသပ်မှုပြုလုပ်ပြီးတဲ့နောက် ဇူလိုင်လ ၂၃ ရက်နေ့မှာ ရောဂါဖြစ်နေတယ်ဆိုတဲ့ အဖြေထွက်လာခဲ့တာပါ။ သူ့ကို အပူပိုင်းဒေသ အထွေထွေရောဂါကု အထူးဆေးရုံ အမှတ် (၂) မှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ဒီသင်္ဘောပေါ်ကဘဲ မြန်မာသင်္ဘောသားတဦးမှာ ကိုဗစ် ကူးစက်နေတာကို စမ်းသပ် တွေ့ရှိခဲ့ကြောင်း ဗီယက်နမ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့တာကြောင့် ဒီသင်္ဘော တခုထဲက မြန်မာဝန်ထမ်း ၂ ဦးမှာ ကိုဗစ် ကူးစက်နေတာကို စမ်းသပ် တွေ့ရှိခဲ့တာပါ။ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၄၁၃ ဦးကို စမ်းသပ် တွေ့ရှိခဲ့ပြီး အဲဒီထဲက ၄၈ ဦးကို လက်ရှိ ကုသပေးနေဆဲလို့ ဆိုပါတယ်။ အခုချိန်ထိ ဗီယက်နမ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တဦးမှ မရှိသေးပါဘူး။


VOA Burmese News