အိမ်သာတက်စဉ် မစင်တွေက ငွေရောင်တလက်လက် တောက်နေလို့ ဆေးရုံပြေးခဲ့ရသူ

2020-07-24 21:53:06


အိမ်သာတက်စဉ် မစင်တွေက ငွေရောင်တလက်လက် တောက်နေလို့ ဆေးရုံပြေးခဲ့ရသူ

အိမ်သာတက်စဉ် မစင်တွေက ငွေရောင်တလက်လက် တောက်နေလို့ ဆေးရုံပြေးခဲ့ရသူ


အသက်(၆၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အိမ်သာတက်စဉ်မှာ သူမရဲ့ မစင်တွေက ငွေရောင်တဖိတ်ဖိတ် တောက်နေလို့ ကြောက်လန့်ပြီး ဆေးရုံကို အမြန်ပြေးခဲ့ရပါတယ်။ သူမဟာ MedStar Georgetown University Hospital ဆေးရုံကို တက်ရောက်ခဲ့ရတာပါ။


ဒီအဖြစ်အပျက်ဟာ ဝါရှင်တန် DC မှာ ဖြစ်ခဲ့တာပါ။ အလွန်ထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်ပြီး၊ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းကလီစာတွေက ထုတ်လွှတ်တဲ့ဓာတ်တွေဟာ ကမောက်ကမဖြစ်နေလို့ အခုလို ဖြစ်ပျက်ခဲ့တာလို့ ယူဆရပါတယ်။ ဆေးရုံမှာ သေချာစစ်ဆေးမှုတွေ လုပ်ချိန်မှာတော့-


သူမမှာ Metastatic colon cancer လို့ခေါ်တဲ့ အူမကြီးကင်ဆာ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ ဒီအဖြစ်အပျက်မတိုင်ခင်က သူမဟာ ခေါင်းအလွန်မူးပြီး၊ လှုပ်လှုပ်ရှားရှား သိပ်မလုပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဆေးစစ်ချက်မှာ ထပ်မံအတည်ပြုချက်အရ ကင်ဆာက အသည်းထိ ပျံ့နှံ့နေပါပြီ။


နောက်ပြီး ဓာတ်မှန်စစ်ဆေးမှုအရ သူမရဲ့ ဝမ်းဗိုက်အတွင်းပိုင်းနဲ့ တင်ပါးစုံညှပ်ရိုးအတွင်းမှာ သွေးယိုစိမ့်စပြုနေပြီဖြစ်ပြီး၊ နောက်ထပ် တွေ့ရှိမှုမှာတော့ Cecal mass လို့ခေါ်တဲ့ Colorectal tumour အကျိတ်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။


မစင်မှာ ငွေရောင်ဖြစ်နေခြင်းက အသည်းကနေ Jaundice လို့ခေါ်တဲ့ အဝါရောင်ဓာတ်တစ်မျိုး ထုတ်လုပ်ပေးရာကနေ မစင်အမည်းရောင်နဲ့ ရောစပ်သွားလို့ ဖြစ်ကြောင်း ဆိုပါတယ်။ အခုအခါမှာတော့ ရှေ့ဆက်ကုသရမယ့် လုပ်ငန်းစဉ်တွေကို လူနာရှင်နဲ့ ဒေါက်တာတွေ တိုင်ပင်နေပါတယ်။


လင်းဇော်ကို (D Nae Khit)