ရသေ့တောင် ငတောက်တူချေကျေးရွာက မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ သေဆုံး

2020-07-09 20:16:51


ရသေ့တောင် ငတောက်တူချေကျေးရွာက မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ သေဆုံး

ရသေ့တောင် ငတောက်တူချေကျေးရွာက မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ သေဆုံး


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာက မိုင်းထိလူနာ ဒဏ်ရာ ပြင်းထန်သွေးထွက်လွန်ပြီး ဇူလိုင် ၉ ရက် မနက် ၅ နာရီက သေဆုံးသွားတယ်လို့ ဘက္ကာနှင့်ညီကိုများ ပရဟိတ္တဖောင်ဒေးရှင်းမှ ကိုဘက္ကာက ဒီဗွီဘီ ပြောပါတယ်။


“မနေ့က ညနေ ၅ နာရီ ကျော်လောက်မှ စစ်တွေကို ရောက်တယ်။ ဒီနေ့မနက် ၅ နာရီလောက်မှာဆုံးတာဗျ။ ဒဏ်ရာက ပြင်းတယ်။ သွေးထွက်လွန်သွားတာပေါ့လေ။ အလောင်းကိုတော့ ရသေ့တောင်ကိုယူသွားမှာပါ။”


သေဆုံးခဲ့သူ ငတောက်တူချေ ကျေးရွာသား ဦးမောင်ကျော်သန်း (၆၅ နှစ်) ဟာ ဇူလိုင် ၈ ရက် မွန်းတည့်ပိုင်းက နွားကျောင်းနေစဉ် မိုင်းနှင်းမိပြီး ခြေထောက် ၂ ချောင်း ပြတ်သွားတာကြောင့် စစ် တွေဆေးရုံကို အရေးပေါ်ပို့ဆောင် ဆေးကုသမှုခံယူနေရာက သေဆုံးသွားတာပါ၊


ပြည်နယ်အစိုးရက ရသေ့တောင်မြို့နယ်ကျောက်တန်း တိုက်နယ်ရှိ ကျေးရွာ ၄၇ ရွာကို ဇူလိုင်လ ၂၄ ရက်နေ့မှာ နယ်မြေရှင်းလင်းဖို့ ကြေညာပြီးတဲ့နောက်မှာ ကျေးရွာမှာ လူမနေကြတော့ဘဲ ကျွဲနွားတွေ မပျောက်ပျက်ရအောင် စုရပ်လုပ်ပြီး ရွာသူရွာသားအချို့ နေထိုင်နေကြရမှ မြေမြုပ်မိုင်းနင်းမိခဲ့တာပါ။


သေဆုံးသူ ဦးမောင်ကျော်သန်းရဲ့ သမက် ကိုလှစိန်ထွန်က” ကျနော်တို့ ဘာမှ မတောင်းဆိုချင်တော့ပါ။ တစ်ဖက်ကိုလည်းအပြစ်မတင်ပါ။ နိုင်ငံရေးကစားကွက်ထဲမှာ အခုလို ကျနော်တို့ အပြစ်မဲ့ပြည်သူတွေ ကျွဲး ၂ ကောင်ခတ်ရာမှာ မြေစာပင်ဘဝကို ရောက်ရှိနေရတာ အလွန်ဝမ်းနည်းစရာပါ” လို့ DVB ကိုပြောပါတယ်။


သေဆုံးခဲ့သူ ဦးမောင်ကျော်သန်းမှာ သားသမီး ၄ ဦးကျန်ရစ်ခဲ့ပြီး အလောင်းကို ရသေ့တောင်မြို့ ယူဆောင်သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။


လင်းလက်