ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦး လွိုင်လင် quarantine စင်တာမှ ထွက်ပြေးလွတ်မြောက်နေ

2020-07-09 19:15:39


ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦး လွိုင်လင် quarantine စင်တာမှ ထွက်ပြေးလွတ်မြောက်နေ

ထိုင်းနိုင်ငံက ပြန်လာသူ ၂ ဦး လွိုင်လင် quarantine စင်တာမှ ထွက်ပြေးလွတ်မြောက်နေ


ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ကွန်ပျူတာတက္ကသိုလ်မှာ ဇူလိုင် ၅ ရက်ကစပြီး quarantine ဝင်နေတဲ့ ထိုင်းနိုင်ငံမှပြန်လာသူ နှစ်ဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။


quarantine center မှာ စေတနာ့ဝန်ထမ်း ပြုလုပ်သူ ဦးအောင်စိုးမိုးက “တာဝန်ရှိသူတွေက ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်သိအောင် မလုပ်ဘူး။ တစ်ခေါက် negative ဖြစ်ပြီးသား မို့ဆိုတဲ့ပုံစံနဲ့ ပေါ့လျော့နေတာ။ မဖြစ်သေးလို့ပေါ့၊ ဖြစ်များဖြစ်ရင် ဘယ်လို လုပ်မလဲ အကုန်ရှုပ်ကုန်မယ့်ကိစ္စ။ ၅ ရက် ၆ ရက်ကတည်းကထွက်ပြေးသွားတာ ကျနော်တို့တောင် မနေ့ ၈ ရက်နေ့မှ သိရတာ”လို့ ပြောပါတယ်။


ထွက်ပြေးသူမှာ လွိုင်လင်မြို့နယ် ကောင်းရောင်းရွာနေ မောင်လွန်းနဲ့ ဝမ်အင်ရွာနေ ခွန်အောင်ထိန်တို့ဖြစ်ပါတယ်။


သူတို့ဟာ ထိုင်းနိုင်ငံကနေ မြဝတီမှ တဆင့် ရှမ်းပြည်နယ် တောင်ကြီး မြို့ quarantine ၉ ရက်နေပြီး ပထမအကြိမ် ဓာတ်ခွဲနမူနာ negative ထွက်ရှိထားပြီး သက်ဆိုင်ရာ နေရပ်ဒေသကို quarantine ၁၄ ရက်ပြန်နေရမှာဖြစ်ပါတယ်။


မောင်လွန်းမှာ လွိုင်လင် quarantine မှာ ၁ ရက်သာနေပြီး ဇူလိုင် ၆ ရက်က ထွက်ပြေးသွားသလို ခွန်မောင်ထိန်ကလည်း ၂ ရက်သာ quarantine ဝင်ပြီး ဇူလိုင် ၇ ရက်က ထွက်ပြေးသွားတာပါ။


ဒီကိစ္စနဲ့ပတ်သက်ပြီး လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့ထံဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိတဦး က “ဒီကိစ္စ ကျနော်တို့ဆီမှာ သတင်းမတက်သေးဘူး”လို့ ပြန်လည်ဖြေကြားခဲ့ ပါတယ်။


လွိုင်လင်မြို့နယ် ကွန်ပျူတာ တက္ကသိုလ် quarantine center မှာ quarantine ဝင် ထိုင်းနိုင်ငံ ပြန်လာသူ ၄ ဦးသာ ကျန်ရှိကြောင်းသိရပါတယ်။


ခွန်ရာဇာ