စစ်ဆေးရေးဂိတ်မြေရှင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ရာဘာကျည်ဖြင့်ပစ်ခံရ၍ ၃ ဦး ဒဏ်ရာရ

2020-07-07 21:30:39


စစ်ဆေးရေးဂိတ်မြေရှင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ရာဘာကျည်ဖြင့်ပစ်ခံရ၍ ၃ ဦး ဒဏ်ရာရ

စစ်ဆေးရေးဂိတ်မြေရှင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ရာဘာကျည်ဖြင့်ပစ်ခံရ၍ ၃ ဦး ဒဏ်ရာရ


စစ်ကိုင်းတိုင်း​၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြကုန်း​ကျေးရွာအနီးမှာ​ ဇူလိုင် ၇ ရက်​နေ့မနက်ပိုင်းက စစ်​​ဆေး​ရေးဂိတ်အတွက် ​​မြေနေရာရှင်းလင်းတာကို ​ဒေသခံတွေ လာရောက်ကန့်ကွက်ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လုံခြုံ​ရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်နဲ့ပစ်လို့ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ပုလဲမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းနိုင်က “အ​ခြေ​နေက​တော့ အရင်တုန်းကထင်းစိုက်ခင်းကိုလည်း မ​ပေးဘူး။အခု ​​နေရာသစ် ​​စာသင်​ကျောင်း​ရှေ့နားမှာရှိတဲ့ ပေ ၁၈၀ – ​ပေ ၈၀ ​လောက်ရှိတဲ့ နေရာ​ပြောင်းလုပ်​တော့လည်းလက်မခံကြဘူး​ပေါ့ဗျာ။ ထိခိုက်မှု ၁ ဦးသာရှိပြီး ​သေနတ်လာလုလို့ ကျည်ထွက်သွားတာ။ ​ကျည်အစစ်မဟုတ်ဘူး။ ရာဘာကျည်ပါ။ပြောင်း​ချောက တိုက်ရိုက်မဟုတ်ဘူး။ ​အောက်က​နေ​ထောက်ပြီး ​မြေပြင်ကတစ်ဆင့်ပြန်မှန်တာပါ။ အခု​နောက်ဆုံးအ​ခြေ​နေက​တော့ ရဲတပ်ဖွဲ့​တွေလည်းပြန်တားထားသလို အထက်အမိန့်ကို​စောင့်ပြီး ကျ​နော်တို့အ​နေအထားနဲ့ သူတို့ရဲ့အ​နေအထား ​ဆွေး​နွေး​နေသလို လုပ်တာက​တော့ လုပ်မှာဖြစ်​ပြီး အဲဒီ​နေရာ​လောက် ​ကောင်းတာလည်း မရှိဘူး”” လို့ ​ပြောပါတယ်။


ဖြစ်စဉ်မှာ ​​​ဒေသခံ ၅ ဦး ထိန်းသိမ်းခံရပြီး ရာဘာကျည် ထိမှန်သူ ဒေသခံ ၃ ဦးထဲက ၇ ချက်ထိမှန်​ခဲ့တဲ့ ကိုဇော်သန်းဦးကိုတော့ ဆေးရုံပို့​ဆောင်လိုက်ရတယ်လို့ ​ဒေသခံ ဦး​ကျော်မြင့်စိုးက ​ပြောပါတယ်။


​အဲဒီ​မြေ​နေရာဟာ ​ရွာသစ်​ပြောင်း​စဉ်က ​မြေ​နေရာအစားထိုးနဲ့ ရယူခဲ့ပြီး ​ငွေ​ကြေး​​ပါ ​ပေးခဲ့ရတာကြောင့် ​ကျေးရွာပိုင်ဖြစ်တယ်လို့ ​ဒေသခံတွေက ပြောကြားခဲ့သလို ​ဒေသခံအာဏာပိုင်အုပ်ချုပ်​ရေးအဖွဲ့ကလည်း ဒီ​နေရာဟာ အစိုးရစီမံပိုင်ခွင့်ရှိတဲ့ နေရာဆိုပြီး တဖက်နဲ့တဖက် အငြင်းပွားမှုဖြစ်​နေတာပါ။


​ဆောက်လုပ်မယ့် စစ်​ဆေး​ရေးဂိတ်ဟာ တရားမဝင်ဝင်​ရောက်လာမယ့် ကုန်ပစ္စည်း​တွေကို စစ်​ဆေးမဲ့ ပူး​ပေါင်းစစ်​ဆေး​ရေးဂိတ်ဖြစ်ပြီး ဆောက်လုပ်မယ့် အကျယ်အဝန်းက ၀.၅၅ ဧကလောက်ရှိတယ်လို့ သိရပါတယ်။


DVB TV News