ရန်ကုန်မြို့လယ်ခေါင်တွင် ဓားထောက်၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိ

2020-07-06 00:27:12


ရန်ကုန်မြို့လယ်ခေါင်တွင် ဓားထောက်၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့တွင် ဓားထောက်၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအ တွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုရဲမှူးပိုထွန်းက ပြည်မြန်မာကို ပြောသည်။ 


ဇူလိုင်လ ၄ ရက် ည ၈နာရီခွဲခန့်က ကျောတံတားမြို့နယ် ၊ အနော်ရထားလမ်းပေါ် ၃၉လမ်းနှင့် ဆိမ်ကမ်း သာလမ်းကြားတွင် ကားပါကင်ထိုးနေစဉ် ကျူးလွန်သူအမျိုးသားက ကားနောက်ခန်း တံခါးကိုဖွင့်၍ ဝင်ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ ကားကိုလုယူ မောင်းထွက်ပြေးသွားခြင်း ဖြစ်သည်။ 

ကားလုယူခံရသူကကျောက်တံတားမြို့နယ်မြို့မရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ရာ မြို့မရဲစခန်းမြို့နယ်မှူး ဦးမျိုးသက်ဦးဆောင်သောရဲတပ်ဖွဲ့မှ Control center ကိုဆက်သွယ်ပြီး ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။

ယင်းချိတ်ဆက်မှုကြောင့် အဆိုပါကျူးလွန်သူမောင်းနှင်နေသော ကားလမ်းကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်ကြောင်း၊၎င်းသည် အနော်ရလမ်းမှ ဆူးလေဘုရားလမ်း၊ ဆူးလေဘုရားလမ်းမှ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်လမ်းမှ မှတစ်ဆင့် ဗိုလ်အောင်လမ်းအတိုင်း မောင်းထွက်ပြေးခြင်းဖြစ်ပြီး ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


 ''ကားကိုလုပြီး မောင်ထွက်သွားတော့ ကျွန်မအမျိုးသားက သူ့အသိ တက္ကဆီသမားတွေနဲ့ အနောက် ကလိုက်တယ်။ ရဲကားတွေကလည်း အနော်ရထားလမ်းအတိုင်း လမ်းပြောင်းပြန် မောင်ပြီး လိုက်ဖမ်းတာ နာရီဝက်လောက်အတွင်းမှာ ဖမ်းမိသွားပါတယ်'' ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။

 ယင်းဖြစ်မှ ပြစ်မှုကျူးလွန်သူ အသက် ၃၂အရွယ် အမျိုးသားသည် ဆေးကြောင်နေသည့် လက္ခဏာရှိ သောကြောင့် ၎င်းနေထိုင်ရာ ၃၉လမ်းအထက်ဘလောက်ရှိနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဆေးပြား ၁၀ ပြား သိမ်းဆီး ရမိကြောင်း ၊ ၎င်းအား မိသားစုဝင်များမှ နေအိမ်တွင် တစ်ယောက်တည်းထားခဲ့ကြောင်း ဒုရဲမှူး ပိုထွန်းက ပြောသည်။


'' အိမ်ပေါ်က ဆင်းသွားတဲ့ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်ကို လိုက်ရှာချင်လို့ ကားယူတာလို့ပြောတယ်။ ကားပေါ်မှာပါတဲ့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ကို ဘာမှ မယူသွားဘူး။ ကျွန်မအမျိုးသားလည်း ဘာမှ ထိခိုက်မှု မရှိခဲ့ဘူး။ ကားလည်း ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကားလုယူမောင်းပြေးသူအား ကာယကံရှင်ဘက်မှ ထိခိုက် ဆုံးရှုံးမှုများ မရှိခဲ့ သောကြောင့် အမှုဖွင့်တိုင်းကြားခြင်း မရှိခဲ့သော်လည်း ၎င်းအား ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ် ဆေးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။