ရေးမြို့နယ်တွင် ရေထဲပြုတ်ကျပျောက်ဆုံးခဲ့သည့် ကောလိပ်ကျောင်းသားအလောင်း ပြန်တွေ့

2020-07-04 18:23:56


ရေးမြို့နယ်တွင် ရေထဲပြုတ်ကျပျောက်ဆုံးခဲ့သည့် ကောလိပ်ကျောင်းသားအလောင်း ပြန်တွေ့

ရေးမြို့နယ်တွင် ရေထဲပြုတ်ကျပျောက်ဆုံးခဲ့သည့် ကောလိပ်ကျောင်းသားအလောင်း ပြန်တွေ့


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ ကင်းဘုရားနယ်မြေ ရေလုပ်ငန်းတခုမှာ ရေထဲပြုတ်ကျပျောက်ဆုံးခဲ့တဲ့ ပညာရေးကောလိပ်ပထမနှစ် ကျောင်းသားရဲ့အလောင်းကို ဒီနေ့မနက် ၇ နာရီက ကင်းဘုရားချောင်းအတွင်းမှာ ပြန်တွေ့ခဲ့ပါတယ်။


ပျောက်ဆုံးနေသူဟာ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ အကွက် ၃ မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်သီဟဦးဆိုသူဖြစ်ပြီး ကျောင်းပိတ်ထားစဉ် ချောင်းတောင်ကျေးရွာကရေလုပ်ငန်းရှင်တဦးထံမှာ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေတာပါ။


ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ ချောင်းတောင်ကျေးရွာနေဒေသခံတဦးက ”မနေ့က မိုးထဲလေထဲမှာပဲ အောင်မင်္ဂလာအဖွဲ့၊ ဒေသခံမီးသတ်တွေနဲ့အတူ ကျနော်တို့ဝိုင်းရှာတာ မတွေ့ခဲ့ရပါဘူး၊ ဒီမနက်ဆက်ရှာကြတော့မှာ သူကျတဲ့နေရာနဲ့ကိုက် ၂၀၀ လောက် ဒီချောင်းအတွင်းပဲ အလောင်းပြန်ရပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။


လှေလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ မောင်သီဟဦးက ကင်းဘုရားလှေဆိပ်မှာဆိုက်ကပ်ထားတဲ့ စက်လှေဆီကို ဇူလိုင်လ ၂ ရက်နေ့က ငွေနဲ့ ပစ္စည်းများသွားရောက်ပို့ဆောင်စဉ် တံတားအကူးမှာ ရေထဲပြုတ်ကျခဲ့ပြီး ပျောက်ဆုံးခဲ့ရတာပါ။


ဝင်းနိုင်သက်