ရဲမှူးချုပ်ကို ရဲတရားရုံးက ပြစ်ဒဏ်ချ

2020-07-04 14:33:58


ရဲမှူးချုပ်ကို ရဲတရားရုံးက ပြစ်ဒဏ်ချ

ရဲမှူးချုပ်ကို ရဲတရားရုံးက ပြစ်ဒဏ်ချ


အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးအပေါ်မှာ လိင်အမြတ်ထုတ်တယ်လို့ တိုင်ကြားခံရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ်ကို ရဲတရားရုံးကအပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်လို့ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောခွင့်ရ ရဲမှူးကြီး ကျော်သီဟက ဘီဘီစီကို ဇူလိုင် ၄ ရက်မနက်ပိုင်းမှာ အတည်ပြုပါတယ်။


ရဲမှူးချုပ်ကို မနေ့က ဇူလိုင် ၃ ရက် မှာ ပြစ်မှုစစ်ဆေးပေါ်ပေါက်ချက်အရ ရဲတရားရုံးဥက္ကဋ္ဌ ကခုလို ပြစ်ဒဏ်ချမှတ်တာဖြစ်ပြီး ချမှတ်တဲ့ ထောင်ဒဏ်ကိုတော့ ဆက်လက်ထုတ်ပြန်ပေးမယ်လို့ သူက ဆက်ပြောပါတယ်။


ရဲမှူးချုပ်ကို ထောင်သုံးနှစ်ချတယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာ”ဥပဒေအရပေါ့နော်။ အမိန့်ချတာပါ။ ရဲတရားရုံးကနေမှ အမိန့်ချလိုက်တာပါ။ ဘယ်နှနှစ်လဲဆိုတာ ကျွန်တော် မေးထားတုန်းမို့ ပြန်ပြောပါမယ်။ တရားရုံးဥက္ကဋ္ဌ အမိန့်ချတာကို ဥပဒေအရ အတည်ပြုချက်တော့ ယူရမှာပါခင်ဗျ”လို့ ရဲမှူးကြီးကျော်သီဟက ဆက်ပြောပါတယ်။


တိုင်ကြားသူဘက်ကိုရော ဘာတွေ ဆောင်ရွက်ပေးဖို့ ရှိမလဲလို့ မေးတဲ့အခါမှာတော့ အသေးစိတ်အခြေအနေကိုမသိရှိသေးကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အကြောင်းကိုပဲ ပြောနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။


ဒီဖြစ်စဉ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကိုအကြီးအကျယ်ကျဆင်းစေတယ်ဆိုပြီး တာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင်တွေသာမက အငြိမ်းစား ရဲအရာရှိကြီးတွေကပါ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ထပ်မံရရှိတဲ့သတင်းတွေရှိရင် ဘီဘီစီမြန်မာပိုင်းက ဆက်လက်တင်ဆက်ပေးပါမယ်။


ဘီဘီစီမြန်မာပိုင်း