ကာမလိမ်လည်ရယူမှု အာမခံဖြင့် လွတ်လာသူ ထပ်ပြီးကျူးလွန်

2020-07-03 22:47:23


ကာမလိမ်လည်ရယူမှု အာမခံဖြင့် လွတ်လာသူ ထပ်ပြီးကျူးလွန်

ကာမလိမ်လည်ရယူမှု အာမခံဖြင့် လွတ်လာသူ ထပ်ပြီးကျူးလွန်


လက်ထပ်ပေါင်းသင်းမည်ဟု ယုံကြည်အောင်ပြောဆို၍ ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲခံထားရသူ အာမခံဖြင့် လွတ်လာရာမှ ထပ်မံကျူးလွန်ခဲ့၍ ဇူလိုင် ၁ ရက်နေ့၌ မုဒိမ်းမှုဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေသူ မဝါ(အမည်လွှဲ)နှင့် တစ်မြို့တည်းနေ သက်နိုင်ဦး တို့သည် ၂၀၁၆ ခုနှစ်မှစ၍ သမီးရည်းစားဖြစ်ခဲ့ရာမှ သက်နိုင်ဦးက မဝါ(အမည်လွှဲ)အား လက်ထပ်ပေါင်းသင်းမည်ဟု အကြိမ်ကြိမ် ယုံကြည်အောင်ပြောဆိုခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ ခရေပင်ရိပ်မွန်အိမ်ယာ ၁ တွင် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်လိုကြောင်းပြောဆိုကာ ကာမအားလိမ်လည်ရယူသွားခဲ့ကြောင်း ဆိုသည်။


နောက်ပိုင်းတွင်လည်း ၎င်းတို့ နှစ်ဦးသဘောတူ မကြာခဏ ကာမဆက်ဆံပေါင်းသင်းနေထိုင်ခဲ့သည်မှာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ၂၄ ရက်နေ့အထိဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် သက်နိုင်ဦးမှာ မဝါ(အမည်လွှဲ)အား အဆက်အသွယ် မလုပ်တော့သဖြင့် ၎င်းအားလက်ထပ်ယူမည်ပြော၍ ကာမလိမ်လည်ရယူကာ ရှောင်တိမ်းနေသဖြင့်


သက်နိုင်ဦးအား ကာမလိမ်လည်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ဇွန်လ ၁၇ ရက်နေ၌ ရာဇဝတ်ကြီးအမှုအမှတ် ၁၄၀၆/၂၀၂၀ ဖြင့် စစ်ဆေးကာ ဇွန်လ ၂၄ ရက်နေ့တွင် သက်နိုင်ဦးအား တရားရုံးမှ ခေါ်ယူစစ်ဆေးခဲ့ပြီး သက်နိုင်ဦးအား အချုပ်လွှတ်ထုချေခွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။


အာမခံရရှိသွားသူ သက်နိုင်ဦးမှ မဝါ(အမည်လွှဲ)ထံ ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းအပေါ်စွဲဆိုထားသည့်အမှုအား ရုပ်သိမ်းကြေအေးပေးရန် ပြောဆိုသဖြင့် တရားဥပဒေအရသာ ဖြေရှင်းရန်ပြောခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့က သက်နိုင်ဦးမှ မဝါ(အမည်လွှဲ)ထံ ဖုန်းဆက်ကာ ” ဟဲ့ ကောင်မ ငါကိုတရားစွဲတဲ့ကောင်မ နင်နဲ့ငါနဲ့ပုံတွေ နင်အရှက်ကွဲစေမဲ့ပုံတွေ ငါဖုန်းထဲမှာ အများကြီးရှိတယ်။


အဲဒီပုံတွေကို နင်အလုပ်လုပ်တဲ့ ကုမ္ပဏီကိုပို့မယ် အလုပ်ပြုတ်သွားချင်လား ပုံတွေကို လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း တင်မယ်။ ငါ့ကိုလာတွေ့ မတွေ့ရင် နင်နေတဲ့နေရာ ပတ်ဝန်းကျင်နား လာပြီး အသေသတ်ပစ်မယ်” ဟုခြိမ်းခြောက်ခဲ့ကြောင်း ဆိုသည်။


ထိုသို့ခြိမ်းခြောက်ပြောဆိုကာ အောင်မင်္ဂလာ အဝေးပြေးဝန်း ဂိတ်ဆိုင်းဘုတ်ရှေ့လာရန်ပြောဆိုသဖြင့် မဝါ(အမည်လွှဲ)မှ သွားရောက်ခဲ့ရာ သက်နိုင်ဦးမှာ ၎င်းမောင်းနှင်လာသောကား အရှေခန်းအတွင်း အတင်းဆွဲတင်ပြီး မင်္ဂလာဒုံမြို့နယ် ပုလဲ(၁)အပိုင် ဗေဒါလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်သွားပြီး အခန်းတစ်ခန်းအား ၎င်းသဘောဆန္ဒ အလျှောက်ငှားရမ်းကာ အခန်းတွင်းခေါ်ဆောင်၍


မဝါ(အမည်လွှဲ)၏ သဘောတူခွင်ပြုချက်မရှိဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် ဘုမ္မာ(၂)လမ်းနေသူ သက်နိုင်ဦးအား ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲထံ တိုင်တန်းချက်မှ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ သက်နိုင်ဦး(၂၄)နှစ်အား ထောက်ကြန့်နယ်မြေရဲစခန်းမှ (ပ)၉၇၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။


ညီညီ(လှိုင်သာယာ)

Top Phoenix Media Group