ပညာရေးကောလိပ်ကျောင်းသား ၁ ဦး ရေထဲပြုတ်ကျ ပျောက်ဆုံးနေ

2020-07-03 22:27:22


ပညာရေးကောလိပ်ကျောင်းသား ၁ ဦး ရေထဲပြုတ်ကျ ပျောက်ဆုံးနေ

ပညာရေးကောလိပ်ကျောင်းသား ၁ ဦး ရေထဲပြုတ်ကျ ပျောက်ဆုံးနေ


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ ကင်းဘုရားနယ်မြေ(အနောက်ကင်း) အတွင်း ရေလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ပညာရေးကောလိပ် ပထမနှစ် ကျောင်းသားတစ်ဦး ဇူလိုင် ၂ ရက်နေ့က ရေထဲပြုတ်ကျကာ ပျောက်ဆုံးနေပါတယ်။


ပျောက်ဆုံးနေသူမှာ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ အကွက်(၃)မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်သီဟဦးဖြစ်ပြီး ကျောင်းပိတ်ထားစဉ် ချောင်းတောင်ကျေးရွာက ရေလုပ်ငန်းရှင်တစ်ဦးထံမှာ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေကာ ကင်းဘုရားလှေဆိပ်မှာ ဆိုက်ကပ် ထားတဲ့ စက်လှေဆီသို့ ငွေနဲ့ ပစ္စည်းတွေသွားရောက်ပို့ဆောင်စဉ် တံတားအကူးမှာ ရေထဲသို့ ပြုတ်ကျခဲ့တာပါ။


ချောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ”လှေအဆင်းတံတားမှာ ပြုတ်ကျသွားတယ်။ သူ့ကိုချက်ခြင်းဆင်းဆယ်ကြတယ်၊ မတွေ့တော့ဘူး။ သူသွားပို့တဲ့ ငွေဆယ်သိန်းတော့ ပြန်ပေါ်လာလို့ ပြန်ရတယ်။ လှေဝမ်းအောင်ရောက်သွားတယ်လို့လည်း ပြောကြ တယ်၊ ရေကလည်း တအားနက်တယ်အဲ့နေရာက။ သူက ကျောင်းပိတ်ထားတော့ ဝင်ငွေရအောင် စာရေးဝင်လုပ်နေသူပါ ”လို့ ဒီဗွီဘီကို ပြောပါတယ်။


ပင်လယ်ထွက်ချိန်မဟုတ်တာကြောင့် စက်လှေကြီးတွေ ပိတ်ကပ်ထားတာမို့ ပျောက်ဆုံးနေသူကို ရှာဖွေရတာ အဆင်မပြေဖြစ်နေသလို ရေနောက်နေတဲ့အတွက်လည်း လှေကြီးတွေရဲ့ အောက်မှာ ရှာဖွေရတာခက်ခဲနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်တဲ့ မီးသတ်တပ်ကြပ်ကြီး ဦးသက်လွင်က ပြောပါတယ်။


ဇူလိုင် ၃ ရက် မနက်ပိုင်းကစတင်ကာ ပျောက်ဆုံးနေတဲ့ မောင်သီဟဦးကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရေလုပ်သားတွေက ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။


သတင်း – ဝင်းနိုင်သက်