တရားဟောဆရာ စောဒေးဗစ်လားကို တရားရုံးက စွဲချက်တင်

2020-07-02 21:26:03


တရားဟောဆရာ စောဒေးဗစ်လားကို တရားရုံးက စွဲချက်တင်

တရားဟောဆရာ စောဒေးဗစ်လားကို တရားရုံးက စွဲချက်တင်


ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးက သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅နဲ့ စွဲချက်တင်လိုက်ပါတယ်။


ဒီကနေ့ ဇူလိုင်၂ ရက်နေ့ ၉ ကြိမ်မြာက်ရုံးချိန်းမှာ တရားရုံးက စွဲချက်တင်လိုက်ပြီး ဇူလိုင် ၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်လိုက်ပါတယ်။


ဇွန်လ ၃၀ ရက်နေ့ရုံးချိန်းမှာ တရားလိုနဲ့တရားပြိုင်နှစ်ဘက် စွဲချက်တင်သင့် မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ကြပြီး တရားလိုဘက်က လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့ တရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်လိုက်တာပါ။


သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ပါပြဋ္ဌာန်းချက်တွေအရ ပြစ်မှုထင်ရှားရင် စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာပါ။


စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ အစိုးရက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။