မီးတွင်းထဲမှာ မီးဖွားနေတုန်း ဓားပြက သေနတ်နဲ့ပစ်သတ်တာကို ခံလိုက်ရတဲ့ အမျိုးသမီး

2020-06-29 21:02:36


မီးတွင်းထဲမှာ မီးဖွားနေတုန်း ဓားပြက သေနတ်နဲ့ပစ်သတ်တာကို ခံလိုက်ရတဲ့ အမျိုးသမီး

မီးတွင်းထဲမှာ မီးဖွားနေတုန်း ဓားပြက သေနတ်နဲ့ပစ်သတ်တာကို ခံလိုက်ရတဲ့ အမျိုးသမီး


တောင်အာဖရိကနိုင်ငံမှာ ကလေး(၃)ယောက် မိခင်တစ်ယောက်ဟာ မီးတွင်းထဲမှာ မီးဖွားနေရင်းတန်းလန်း ဓားပြရဲ့ပစ်သတ်တာကို ခံခဲ့ရပါတယ်။ အမျိုးသမီးရဲဲ့အမည်ကတော့ Shaida Nathan ဖြစ်ပါတယ်။ သူမဟာ အသက်(၃၂)နှစ်ဖြစ်ပါတယ်။


ဒေါက်တာတွေဟာ မိခင်ကိုရော၊ မွေးဖွားလုအံ့ဆဲဆဲ ကလေးကိုရော ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ Shaida ဟာ Kraaifontein မြို့မှာ နေထိုင်သူဖြစ်ပြီး၊ ဒေသခံအိမ်နီးနားချင်းတွေရဲ့အဆိုအရတော့ သူမ ကလေးမီးဖွားဖို့ မီးနေခန်းထဲမှာ အသည်းအသန် ကြိုးစားနေစဉ်၊ ရက်စက်တဲ့ဓားပြရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာပါ။


အခင်းဖြစ်ချိန်မှာ လာရောက်ကူညီတဲ့ အမျိုးသားနှစ်ဦးကိုလည်း ဓားပြက သေနတ်နဲ့ပစ်ပြီး ပြေးခဲ့တာကြောင့် ၎င်းတို့လည်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြပါတယ်။ သို့သော်လည်း သူတို့နှစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပါဘူးတဲ့။ Shaida ဟာ ဆေးရုံရောက်ပြီး မိနစ်အနည်းငယ်အကြာမှာ သေဆုံးခဲ့တာပါ။


အခုဖြစ်စဉ်ဟာ ရာဇဝတ်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့လည်း သတင်းတွေက ပျံ့နှံ့နေပါတယ်။ Shaida ကို မကျေနပ်တဲ့ ဂိုဏ်းသားတစ်ဦးက သူမရဲ့အိမ်ကို အဓိကပစ်မှတ်ထားပြီး၊ တိတိကျကျ လာရောက်လုပ်ကြံတာလို့လည်း ဆိုကြပါတယ်။ သို့သော်လည်း ရဲကတော့ ဒီသတင်းကို အတည်မပြုပါဘူး။


ဒါပေမယ့် အဲဒီဒေသဟာ ရာဇဝတ်ဂိုဏ်းတွေ ထူပြောတဲ့ဒေသဖြစ်ပါတယ်။ ဂိုဏ်းအားဖြင့် စုစုပေါင်း (၄)ခုလောက်ရှိပြီး၊ တော်တော်များများကတော့ မူးယစ်ဆေးနဲ့ လက်နတ်မှောင်ခို အရောင်းအဝယ်လုပ်ကြပါတယ်။ အခုကိစ္စကို အမျိုးသမီးများအခွင့်အရေးအဖွဲ့ကလည်း အမြန်ဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။


လင်းဇော်ကို (D Nae Khit)