ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးနေပြီ

2020-06-26 23:40:39


ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးနေပြီ

ရာထူးတိုးပေးမယ်ဆိုပြီး အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦးပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်လို့ တိုင်ကြားခံထားရတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပြောလိုက်ပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ အပြီးမှာ သတင်းထောက်တွေက မေးမြန်းတဲ့အပေါ် အခုလို ပြောခဲ့တာပါ။


ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် နိုင်ငံတော် အကြီးအကဲတွေဆီကို တင်ပြထားပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။ လက်ရှိမှာ အမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးပြီးတာနဲ့ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး သက်သေခံအကျဉ်းချုပ်နဲ့ ရဲတရားရုံးကို ပို့ပြီးဆောင်ရွက်မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။


၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာ ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လက်ထက်မှာ ထိပ်တန်း ရဲအရာရှိတွေကို အရေးယူတာတွေ ရှိလာတာပါ။ အခု စုံစမ်းစစ်ဆေးခံရတဲ့ ရဲမှူးချုပ်အပြင် ကျန်တဲ့ ရဲမှူးချုပ်နှစ်ဦးကိုလည်း ဒီလထဲမှာပဲ ထောင်တစ်နှစ်ချတာ ရာထူးကနေ ထုတ်ပယ်တာတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


RFA Burmese