ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံက ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်

2020-06-25 20:25:29


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံက ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံက ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်


မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနက “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။


ဇွန် ၂၃ ရက်ညနေပိုင်းက ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်တဲ့ “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ခဲ့တာလို့ဆိုပါတယ်။


ဒါ့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်အဆင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး FSMTC မှ ဒုညွှန်ကြားရေးမှူး Vladimir Drozhzhov ကလည်း ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့်တပ်ဆင်ဂုဏ်ပြုခဲ့ရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။


ကာကွယ်ရေးဦးစီးချုပ်ဟာ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် ရင်ပြင်နီမှာ ဒီကနေ့ကျင်းပတဲ့ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။


အခမ်းအနားကို ရုရှားသမ္မတ ပူတင်နဲ့ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဘက် အရပ်ဘက် အကြီးအကဲတွေ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သမ္မတတွေ၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်မတော်အကြီးအကဲတွေ၊ ကာကွယ်ရေးဝန်ကြီးတွေတက်ရောက်ခဲ့ကြပါတယ်။


စစ်ရေးပြအခမ်းအနားမှာတော့ လူဦးရေ ၁၄၀၀၀ လောက်က ပါဝင် စစ်ရေးပြခဲ့ကြပြီး ပြည်ပ နိုင်ငံ ၁၃ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၄၀၀ ဦးလည်း စစ်ရေးပြပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်စကိုမြို့၊ အနောက်တောင်ဘက် ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံရှိ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဓာတ်ပုံ- CINCDS