အလုပ်ရှာလုပ်ဖို့ ပြောတဲ့ မိခင်ကို ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ (၁၅)နှစ်အရွယ် သမီးဆိုး

2019-07-27 19:42:21


အလုပ်ရှာလုပ်ဖို့ ပြောတဲ့ မိခင်ကို ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ (၁၅)နှစ်အရွယ် သမီးဆိုး

ထိုင်ဝမ်၊ Tai Chung မှာ အသက်(၃၆)နှစ်အရွယ် မိခင်တစ်ဦးဟာ သမီးက ဓားနဲ့ပြန်လည်ရန်ပြုတာကို ခံခဲ့ရလို့၊ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အဆိုပါ မိခင်ဟာ နွေရာသီကျောင်းပိတ်ရက်မှာ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတဲ့ သမီးကို မကြည့်လိုတာကြောင့်-

အလုပ်ရှာဖို့ ပြောခဲ့တာပါ။ သမီးဖြစ်သူက တစ်ရက်နှစ်ရက်တော့ ဘာမှ မပြောခဲ့ပါဘူး။ မိခင်ကလည်း သမီးအလုပ်ရဖို့ သူမကိုယ်တိုင် ကူညီရှာပေးခဲ့ပါတယ်။ ဒါပေမယ့် မကြာခဏ အလုပ်ပဲ လုပ်ခိုင်းနေတဲ့မိခင်ကိုနောက်ဆုံး ဖရဲသီးလှီးတဲ့ဓားနဲ့ ရန်ပြုတိုက်ခိုက်ပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ ဇူလိုင်(၂၄)ရက်မှာ ဖြစ်ခဲ့တာပါ။ သမီးဖြစ်သူမှာ အသက်(၁၅)နှစ်ဖြစ်ပြီး၊ မိခင်ရဲ့အမည်ကို Yan လို့သာ ဖော်ပြထားပါတယ်။ Yan ဟာ ဓားနဲ့လှီးခံလိုက်ရတဲ့ ဒဏ်ရာကြောင့် Tung’s Taichung Metro Harbor Hospital ဆေးရုံကို အရေးပေါ်သွားရောက်ခဲ့ရပါတယ်။

Yan မှာ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းမှာ ပြတ်ရှဒဏ်ရာ၊ ဂုတ်ပိုးမှာ ပြတ်ရှဒဏ်ရာ၊ ပခုံး၊ တံတောင်ဆစ်မှာ ပြတ်ရှဒဏ်ရာ၊ တင်ပါးမှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ကြောင်း၊ သိရပါတယ်။ ရရှိခဲ့တဲ့ဒဏ်ရာတွေထဲမှာ အကြီးဆုံးက (၁၀)စင်တီမီတာအထိရှိပါတယ်။

သမီးဖြစ်သူကို ရဲတပ်ဖွဲ့က လူသတ်ရန်ကြိုးစားမှု၊ ရမ်းကားမှုစတဲ့ပြစ်မှုတွေနဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။ မိခင်ဖြစ်သူကတော့ ဆေးရုံမှာ ရက်အတန်ကြာတက်ရောက်ခဲ့ပြီး၊ အခုဆိုရင်တော့ ဆေးရုံက ဆင်းခဲ့ပြီးပြီလို့ သိရပါတယ်။ ကျောင်းသူကတော့ နောင်တရပုံ မပေါ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

နေသူရိန် (D Nae Thit)

source : World Of Buzz