နံနက်ခင်းအိပ်ယာထ မျက်နှာသစ်ချိန်မှာ အရယူနိုင်တဲ့ ကုသိုလ်(၅)မျိူး…


နံနက်ခင်းအိပ်ယာထ မျက်နှာသစ်ချိန်မှာ အရယူနိုင်တဲ့ ကုသိုလ်(၅)မျိူး…

(၁)ဒါနကုသိုလ်၊ မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကိုကိုင်ထားပါ။ ရေဖလားကိုအပေါ်တော့ မမြှောက်လိုက်ပါနဲ မတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့


”မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီးကပ်လိုက်ပါ။ ဒါဆိုဒါနကုသိုလ်ဖြစ်သွားပါပြီ။


(၂)ဗုဒ္ဓနုသာတိကုသိုလ်၊ မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကိုအနက်(၃)ခုနဲ့ပွါးလိုက်ပါ။ အရဟံ = ကိလေသာမြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊


အရဟံ = ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သောမြတ်စွာဘုရား။ အရဟံ = ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကိုမပြုတော်မူသောမြတ်စွာဘုရား။ ဒါဆိုဗုဒ္ဓနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။


(၃)မေတ္တာကုသိုလ်၊ ကြည်လင်နေတဲ့ရေကိုကြည့်ပြီး ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကောအေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကောအေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကောအေးမြကြပါစေ။ ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကောအေးမြကြပါစေလို့ မေတ္တာပို့လိုက်ပါ။


ဒါဆိုမေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။


(၄)မရဏာနုဿတိကုသိုလ်၊ ပြီးရင်ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေးသေသွားနိုင်သည်လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီ။


(၅)အသုဘဘာဝနာကုသိုလ်၊ မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကိုအာရုံပြုပြီး ငါ့ရဲ့မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ်ပါတကားလို့ အသုဘဘာဝနာပွါးလိုက်ပါ။


ဒါဆိုအသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီ။ အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာရှိပါသေးတယ်။


အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေအဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေကမပေါ်ပါဘူး။


အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှမြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီဖြစ်တဲ့အတွက် ဆေးအဖြစ်ပြန်စွန့်တော်မူပါဘုရားလို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆိုမျက်နှာသစ်ရင် ကုသိုလ်(၅)မျိုးရသွားပါပြီ။ ကဲ…စာဖတ်သူဓမ္မမိတ်ဆွေအပေါင်းတို့ရေ မျက်နှာသစ်ရင်းကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ကြပါစို့ပါနော်။


မူရင်းခရက်ဒစ်