ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝ၈ဝဝ ကျော်ပြီ

2020-03-26 09:36:13


ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝ၈ဝဝ ကျော်ပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ဝ၈ဝဝ ကျော်ပြီ


မြန်မာစံချိန် ကြာသပတေးနေ့ မနက် ၃ နာရီ ရရှိတဲ့ စာရင်းအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွါးသူ ၄၅၉ဝဝဝ ခန့်နဲ့ သေဆုံးသူ ၂ဝ၈ဝဝ ကျော် ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်သူ ၆၂ဝဝဝ ကျော်ရှိပြီး ၈၇ဝ သေဆုံးခဲ့ပါပြီ။ ဒီဗိုင်းရပ်စ်ကြောင့် အကြီးအကျယ် ထိခိုက်နေတဲ့ အမေရိကန် စီးပွားရေး အခြေအနေကို အရေးပေါ်တုန့်ပြန်မှု အဖြစ် အမေရိကန် ဒေါ်လာ ဘီလီယံ ၂ဝဝဝ သုံးစွဲရေးအတွက် အမေရိကန်အထက်လွှတ်တော် အမတ်တွေ နဲ့ အစိုးရအဖွဲ့အကြား အင်္ဂါနေ့ည သန်းကောင်ကျော်မှာ သဘောတူူညီမှု ရရှိခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ အကြီးမားဆုံး ထောက်ပံ့ကူညီရေး အစီအစဉ် ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ ၂ဝဝ ခန့် သေဆုံးခဲ့ပြီ ဖြစ်တဲ့ နယူူးယောက်မြို့တော်ကနေ တခြားပြည်နယ်တွေ ထွက်ပြေးနေကြသူတွေကို သူတို့ရောက်ရှိရာဒေသမှာ အခြားသူတွေနဲ့ အနီးကပ် ဆက်ဆံခြင်း မပြုပဲ ၁၄ ရက်ကြာ သီးသန့် နေထိုင်ကြဖို့ အာဏာပိုင်တွေက နိုးဆော်နေပါတယ်။ သမ္မတ ထရမ့်က နယူးယောက်ပြည်နယ်အတွက် အသက်ရှူအောက်စီဂျင်ပေးစက် ၄ဝဝဝ ပို့ပေးမယ်လို့ ပြောဆိုတာကို ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြစ်တင်လိုက်ပြီး သူတို့ပြည်နယ်အတွက် အသက်ရှူစက် သောင်းနဲ့ချီပြီးလိုအပ်တယ်လို့ ပြောပါတယ်။


ဗြိတိန် အိမ်ရှေ့စံမင်းသား ချားလ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့အတွက် သီးသန့် နေထိုင်လျှက်ရှိတယ်လို့ တော်ဝင်မိသားစုက ဗုဒ္ဓဟူးနေ့ မနေ့ကကြေညာပါတယ်။ ချားလ် မင်းသားဟာ အခု အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီး သူ့ဇနီးမှာတော့ ဗိုင်းရပ်စ်ပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချားလ် မင်းသားဟာ အခမ်းအနားတွေမှာ လူအများအပြားကို လက်ဆွဲနုတ်ဆက်ခဲ့တဲ့အတွက် ဘယ်သူ့ထံက ကူးစက်ခဲ့တယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒီအတောအတွင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဗိုင်းရပ်စ်ကာကွယ်တိုက်ဖျက်ရေးအတွက် အစိုးရကျန်းမာရေးဌာနကို ပါဝင်ကူညီကြပါလို့ ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပြီးနောက် ၂၄ နာရီအတွင်း လူ ၄ သိန်းကျော်က စေတနာ့ဝန်ထမ်းလုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်ခဲ့ကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိကြောင်း ပြောဆိုပါတယ်။ သူ့အနေနဲ့ လာရောက် လုပ်အားပေးမယ့်သူ ၂ သိန်းကျော် ရရှိအောင် ရက်အနည်းငယ်ကြာအာင် စောင့်ဆိုင်းရလိမ့်မယ်လို့ ထင်မြင်ခဲ့ကြောင်းလည်း ပြောပါတယ်။


အိန္ဒိယနိုင်ငံမှာတော့ မလွဲမရှောင်သာတဲ့ ကိစ္စတွေမှအပ ၃ ပတ်ကြာ အိမ်ပြင်မထွက်ကြဖို့ အမိန့်ကို မနေ့က စတင် ကျင့်သုံးခဲ့ရာမှာ ပြည်သူအများစုက လိုက်နာကြတယ်လို့ သိရပါတယ်။ လူဦးရေ သန်း ၁၃ဝဝ ရှိပြီး ဆင်းရဲသားများပြားတဲ့ အိန္ဒိယမှာ အခုအချိန်ထိ ကူးစက်သူ ၆ဝဝ ကျော်နဲ့ သေဆုံးသူ ၁၂ ဦးပဲ ရှိသေးပေမယ့် တကယ်လို့သာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွါးလာခဲ့မယ်ဆိုရင် တခြားနိုင်ငံတွေနဲ့ မတူပဲ မမျှော်မှန်းနိုင်တဲ့ သေဆုံးထိခိုက်မှုတွေ ပေါ်ပေါက်လာမှာကို သက်ဆိုင်ရာတွေက စိုးရိမ်နေကြပါတယ်။ အီတလီနိုင်ငံမှာ ဒီဗိုင်းရပ်စ်ကြောင့် မနေ့က တရက်တည်းမှာ ၆၈၃ ဦးသေဆုံးခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၇၅ဝဝ ကျော်နဲ့ ကူးစက်နေသူ ၇၄ဝဝဝ ကျော် ရှိပါတယ်။ စပိန်နိုင်ငံမှာလည်း ကူးစက်ဖြစ်ပွါးနေသူ ၄၇ဝဝဝ ကျော်နဲ့ သေဆုံးသူ ၃၄ဝဝ ကျော် ရှိပါပြီ။ ဒီအတွင်း မော်စကို မြို့တော်ဝန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ လာမယ့်အပတ်ကစပြီး တမြို့လုံးမှာရှိတဲ့ ရုပ်ရှင်ဂီတ ဖျော်ဖြေပြသမှုတွေကို ရပ်ဆိုင်းမယ်လို့ မနေ့က ပြောပါတယ်။


RFA Burmese