မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးတွေ့ရှိ

2020-03-24 10:04:21


မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးတွေ့ရှိ

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးတွေ့ရှိ

 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ယောက်တွေ့ရှိကြောင်း မတ် ၂၃ ရက် ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။


ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံရှိ အမေရိကန်နိုင်ငံက (မတ် ၁၃ ရက်နေ့) ပြန်လာသူ အသက် (၃၆ )နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ ရက်နေ့) ပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။


လက်ရှိမှာ သူတို့ ၂ ဦးကို တီးတိန်ပြည်သူ့ဆေးရုံနဲ့ ဝေဘာဂီအထူးကုဆေးရုံတို့မှာ အသီးသီးလွှဲပြောင်းကုသပေးနေပြီး ဓာတ်ခွဲနမူနာတွေကို ပြည်ပရှိ WHO ရည်ညွှန်းဓာတ်ခွဲခန်းတွေကို ဆက်လက်ပေးပို့စစ်ဆေး အတည်ပြုသွားဦးမယ်လို့ ဆိုပါတယ်။


အဲဒီ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ ၂ ဦးနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း ဖော်ထုတ်စောင့်ကြည့်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံမှာ မတ် ၂၃ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း ၂၁၂ဦး ရှိခဲ့ပါတယ်။ ဒီအထဲမှာ ဓာတ်ခွဲခန်းအဖြေက COVID-19 ရောဂါပိုးမရှိသူ ၂၁၀ ဦး ရှိပြီး ရောဂါပိုးတွေ့သူ ၂ ဦးရှိကြောင်း အတည်ပြုလိုက်တာပါ။


စောင့်ကြည့်နေစဉ် တခြားရောဂါများနဲ့ သေဆုံးသူ ၁၃ ယောက်ရှိခဲ့သလို ဆေးရုံဆင်းခွင့်ပြုသူ ၁၂၇ ယောက် ရှိထားပါတယ်။


ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇၈၃၉၄ ဦး၊ သေဆုံးသူ ၁၆၄၉၁ ဦးနဲ့ သက်သာပျောက်ကင်းသူ ၁၀၁၅၈၄ ဦးရှိတယ်လို့ သိရပါတယ်။