သားဇောနဲ့ပြန်ကိုက်တဲ့ ခွေးမကြီးကို (၃)ရက်နှိပ်စက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့ ပိုင်ရှင်စုံတွဲ

2019-08-14 22:03:58


သားဇောနဲ့ပြန်ကိုက်တဲ့ ခွေးမကြီးကို (၃)ရက်နှိပ်စက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့ ပိုင်ရှင်စုံတွဲ

ခွေးပိုင်ရှင် စုံတွဲနှစ်ဦးဟာ သူတို့ရဲ့ အိမ်မွေးခွေးကို သုံးရက်ကြာ နှိပ်စက်ပြီး၊ အဆိပ်ခပ်ကာ ဓားနဲ့ထိုးသတ်ခဲ့ကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ခွေးမလေးအမည်ကတော့ Luna ဖြစ်ပြီး ပိုင်ရှင်တွေကတော့ Leila Horvath နဲ့ Norbert Farkasin တို့ ဖြစ်ကြပါတယ်။


ဒီအဖြစ်အပျက်ဟာ ဧပြီလ(၅)ရက်က Birkenhead, Merseyside မှာ ဖြစ်ခဲ့တာပါ။ ခွေးမလေးရဲ့အလောင်းကို RSPCA က တွေ့ခဲ့တာဖြစ်ပါတယ်။ ခွေးလေးကို စစ်ဆေးတဲ့အခါ အဆိပ်ခပ်ခံထားရသလို၊ ဓားနဲ့ထိုးသွင်းခံထားရတာကို တွေ့ရပါတယ်။




သက်ဆိုင်ရာက စစ်ဆေးတော့ Farkasin က ခွေးမလေးဟာ သူ့ကို ကိုက်ခဲ့တဲ့အတွက် သူနဲ့ ချစ်သူ Leila တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိလို့၊ သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ သူဟာ အလေးမတဲ့ ဝိတ်ပြားတွဲ သံချောင်းနဲ့ Luna ကို ရိုက်ခဲ့ကြောင်း ဆိုပါတယ်။




အဲဒီနောက် Luna ကို ခြံဝင်းအတွင်း လွှင့်ပစ်ခဲ့ရာ မသေသေးတဲ့အတွက်၊ Leila က နောက်တစ်ရက်မှာ အေးခဲအဆိပ် ခပ်ထားတဲ့ အစားအစာတွေ ကျွေးခဲ့ကြောင်း၊ ဒါကိုပင် အသက်ပြင်းတဲ့ Luna က မသေသေးလို့ သူကိုယ်တိုင် ဓားနဲ့ထိုးသွင်း ဇီဝိန်ချုပ်ပေးခဲ့ရတာလို့ ပြောပါတယ်။




ဆက်လက်စစ်ဆေးရာ Luna ဟာ ခွေးပေါက် (၁၂)ကောင်ကို မသေခင်မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ ကပ်လာသူမှန်သမျှကို သားစိတ်မွှန်နေတဲ့ မိခင်စိတ်နဲ့ ကိုက်ခဲတိုက်ခိုက်ခဲ့တာ ဖြစ်ပုံရတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Farkasin တို့စုံတွဲကို ထောင်ဒဏ်(၁၀)ပတ်နဲ့၊ ရာသက်ပန် တိရစ္ဆာန်မွေးမြူခွင့် ပိတ်ပင်ခဲ့ပါတယ်။


နေသူရိန် (D Nae Thit & D Nae Khit)


source : Metro