အိမ်မွေးခွေး(၃)ကောင် ဝိုင်းကိုက်လို့ သူခိုးသေဆုံးခဲ့မှု၊ အိမ်ရှင်ကို အမှုဖွင့်စစ်ဆေးနေ

2019-08-14 16:03:49


အိမ်မွေးခွေး(၃)ကောင် ဝိုင်းကိုက်လို့ သူခိုးသေဆုံးခဲ့မှု၊ အိမ်ရှင်ကို အမှုဖွင့်စစ်ဆေးနေ

အသက်(၁၆)နှစ်အရွယ် သူခိုးတစ်ဦးဟာ ခိုးရန်ရည်ရွယ်ချက်နဲ့ နေအိမ်တစ်ခုရဲ့ ခြံဝင်းအတွင်းကို ချိုးဖောက်ဝင်ရောက်စဉ်မှာ၊ အိမ်မွေးခွေး Pit Bull သုံးကောင်က ဝိုင်းကိုက်တာကို ခံခဲ့ရပြီးနောက် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။


ဒီအဖြစ်အပျက်ဟာ တက္ကဆက်ပြည်နယ်၊ Irving က အိမ်တစ်လုံးမှာ ပြီးခဲ့တဲ့ သြဂုတ်လ(၁၀)ရက်၊ စနေနေ့မနက်ခင်းပိုင်းက ဖြစ်ခဲ့တာပါ။ သေဆုံးခဲ့သူ ကောင်လေးအမည်မှာ Nelson Cabrera လို့ သိရပါတယ်။ သက်ဆိုင်ရာ ရဲစခန်းကတော့ သေဆုံးသူအမည်ကို ထုတ်ဖော်ခြင်း မရှိပါဘူး။




ဒါပေမယ့် ဒေသခံသတင်းစာတွေကတော့ Nelson လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခွေးသုံးကောင်ကို ဘယ်လိုမှ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ဆိုးရွားတဲ့ ဒဏ်ရာတွေရရှိကာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ သြဂုတ် (၁၁)မှာ အသက်(၁၇) ပြည့်မှာလို့ သိရပါတယ်။


အိမ်ပိုင်ရှင်ရဲ့အမည်ကတော့ Guillermo Lorenzo ဖြစ်ပြီး၊ သူကတော့ ကောင်လေးဟာ အိမ်ရာမဲ့တစ်ဦးဖြစ်ပုံရတယ်လို့ ပြောပါတယ်။ ခွေးတွေက ကိုက်ခဲ့ခြင်းကြောင့် Lorenzo က သူ့မှာ အပြစ်မရှိဘူးလို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ သူက သူများ အိမ်ပိုင်နက်မှာ ခိုးဝင်ခြင်းဟာ ခိုးဖို့ကလွဲပြီး ဘာမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။




သူက ခွေးတွေ ကိုက်နေတာ သိပေမယ့် နောက်ဖေးကနေ ထွက်မလာခဲ့ပါဘူး။ Lorenzo က ” ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး .. ဒါပေမယ့် သူက သူခိုးလေ .. “လို့ ပြောခဲ့ပါတယ်။ Nelson ကို ခွေးတွေက ဝိုင်းကိုက်နေချိန်မှာ အိမ်နီးနားချင်းဖြစ်တဲ့ Elizabeth Cantu က ရဲကို အကြောင်းကြားပေးခဲ့ပါတယ်။


ဒါပေမယ့် သူဟာ လည်ပင်းကို ဆိုးဆိုးရွားရွား ကိုက်ခံရလို့ သူ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ရောက်လာတဲ့ ရဲတွေကိုတောင် ခွေးတွေက ဝိုင်းကိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သလို၊ ပစ်ခတ်နှိမ်နင်းခဲ့လို့ ခွေးတစ်ကောင် ဆိုးရွားစွာ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အိမ်ရှင် Lorenzo ကိုတော့ သေဆုံးမှုအတွက် အမှုဖွင့်စစ်ဆေးနေပါတယ်။


နေသူရိန် (D Nae Thit & D Nae Khit)


source : Metro