သူငယ်ချင်းတွေနဲ့ ဘောလုံးကစားပြီး ရေခဲရေသောက်မိလို့ အဖြစ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသား

2019-07-27 14:39:57


သူငယ်ချင်းတွေနဲ့ ဘောလုံးကစားပြီး ရေခဲရေသောက်မိလို့ အဖြစ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသား

လူတော်တော်များများ အားကစားလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက် အဓိက ရည်ရွယ်ကြတာ များပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အားကစားလုပ်တိုင်း ကျန်းမာရေးနဲ့ ညီညွှတ်မယ်လို့တော့ အပြည့်အဝ အာမခံလို့မရပါဘူး။ တစ်ချို့က လူတိုင်းနဲ့မတည့်တဲ့ အားကစားနည်းတွေ ရှိပါတယ်။


ဘောလုံးကစားရင်း နှလုံးရောဂါဖောက်ပြီး လဲကျသေဆုံးသူတွေ ရှိခဲ့သလို၊ ယမန်နှစ်ကပဲ မြန်မာနိုင်ငံက နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ဦးလည်း ဘောလုံးကစားပြီး အအေးသောက်မိရာက ထူးဆန်းစွာ သေဆုံးခဲ့မှုဟာ ပရိသတ်ကို အံအားသင့်စေခဲ့ပါတယ်။




အခုလည်း အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားပြီးနောက်၊ ရေခဲရေသောက်စဉ်မှာ လဲကျသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Jiangxi စီရင်စုမှာ ပြီးခဲ့တဲ့ ဇူလိုင် (၁၇)ရက်က ဖြစ်ခဲ့တာပါ။


သူငယ်ချင်းတစ်ယောက်ရဲ့အဆိုအရ သူ့သူငယ်ချင်းက သေဆုံးသူရဲ့အသားရေမှာ ပုံမှန်မဟုတ်လို့၊ ဘောလုံးကစားပြီး ရေခဲရေ သောက်ဖို့မသင့်ကြောင်း အကြံပေးခဲ့သေးပေမယ့် သူက အရင်ကလည်း သောက်နေကျဆိုပြီး ရေခဲရေကို အားရပါးရ မော့သောက်ခဲ့တာပါ။




သူ လဲကျသွားချင်းမှာပဲ သူငယ်ချင်းတွေက အကူအညီ အော်ဟစ်တောင်းဆိုခဲ့ရာ အနီးအနားကိုရောက်နေတဲ့ တာဝန်ချိန်ပြင်ပ ဒေါက်တာတစ်ဦးက အရေးပေါ်ပြုစုပြီး၊ လူနာတင်ကား ခေါ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကာယကံရှင်အမျိုးသားဟာ သတိလုံးဝမရတော့ပါဘူး။ ဆေးရုံအရောက်မှာ သူ သေသွားပါတယ်။


လူတစ်ယောက်ကတော့ လေ့ကျင့်ခန်းလုပ်ပြီးလို့ ခန္ဓာကိုယ်အပူဓာတ် လွန်ကဲနေချိန် ရေခဲရေသောက်လိုက်ရာက ရှော့ဖြစ်သွားတာလို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။ ဒါပေမယ့် ဒေါက်တာတစ်ဦးကတော့ အဲဒီအယူအဆဟာ အပြည့်အဝ မမှန်ကြောင်း၊ အဓိကအားဖြင့်တော့ နှလုံးခုန်ရပ်သွားတာဖြစ်ကြောင်း-




ဒီလိုမှမဟုတ် ဦးနှောက်တွင်း သွေးစီးဆင်းမှု ရပ်ဆိုင်းခြင်း၊ ရုတ်တရက်လေဖြတ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ဆေးပညာဂျာနယ်ကတော့ စောစောက အမျိုးသားပြောခဲ့သလိုမျိုး၊ ရှော့ဖြစ်သွားတာလို့ ရှင်းပြထားပါတယ်။ သွေးစီးဆင်းမှု ရပ်ဆိုင်းခြင်းကလည်း ရေရဲ့အအေးဓာတ်ကြောင့် ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ ရုတ်တရက် ကမောက်ကမ ဖြစ်ခြင်းကြောင့်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။


နေသူရိန် (D Nae Thit)


source : World Of Buzz