မလတ်တောင် တောင်မြေ သား ပြိုကျမှု သေဆုံးသူ (၆၇) ဦးအထိ ရှိလာ

2019-08-14 02:13:09


မလတ်တောင် တောင်မြေ သား ပြိုကျမှု သေဆုံးသူ (၆၇) ဦးအထိ ရှိလာ

သဲဖြူကုန်းကျေးရွာအုပ်စု၊ မလတ်တောင် တောင်မြေ သား ပြိုကျမှုဖြစ်တွင်.သေဆုံးသူ.(၆၇) ဦးရှိပြီဖြစ်၊ မလတ်တောင် တောင်မြေသားပြိုကျထားသည့်နေရာအပါအ၀င် နေရာ ၆ နေရာနှင့် မြေပြိုကျနိုင်မည့်နေရာများအား ဆည်းမြောင်းဌာနရုံးချုပ်မှ ဘူမိဗေဒပညာရှင်များစစ်ဆေးတိုင်းတာဆောင်ရွက်မှုများပြုလုပ်လျက်ရှိ


မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၁၈၄/၅မှ ၁၈၄/၆အကြားရှိ မလတ်တောင် တောင်မြေ သား ပြိုကျမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် သြဂုတ် ၁၃ ရက် ညနေ ၉ နာရီအထိ သေဆုံးသူအလောင်း ၆၅ ဦးကို ရှာဖွေ တွေ့ရှိခဲ့ သည့်အပြင် ပထမနေ့တွင် ရှာဖွေကယ်ထုတ်ခဲ့သူတစ်ဦးမှ ဆေးကုသနေစဉ် ထပ်မံသေဆုံးခဲ့ကြောင်း ပေါင်မြို့နယ်အုပ်ချုပ် ရေးမှူးဦးဇော်မိုးအောင်က အတည်ပြုပြောကြားခဲ့သည်။




“ဒီနေ့က ၆ ဦးထပ်ရတော့ ၆၅ လောင်းရှိပြီးပေါ့၊ ဒီဖြစ်စဉ်ကနေ ဖြစ်ဖြစ်ချင်းအသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သူထဲက တစ်ယောက်က မနေ့က ရန်ကုန်ဆေးရုံကြီးမှာ ဆေးတက်ကုနေစဉ်ပဲ ထပ်ဆုံးပါးသွားတယ်၊ အားလုံးဆိုရင် ၆၇ ဦးပေါ့၊ ဖြစ်ဖြစ်ချင်းအသက်ရှင်လျက်ကယ်ထုတ်နိုင်တဲ့သူတွေထဲက ဆေးရုံအပို့လမ်းမှာ သေတဲ့သူတွေ၊ ဆေးရုံရောက်မှ သေတဲ့ သူတွေကိုကျတော့ အသေစာရင်းထဲမှာပါသွားတယ်၊ ဆေးကုသနေရင်းနဲ့ဆိုလို့ ခုတစ်ယောက်ပဲ ရှိပါသေးတယ်၊” ဟု ၄င်းက ပြောသည်။


ပေါင်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော မလတ်တောင် တောင်မြေသားပြိုကျထားသည့်နေရာအပါအ၀င် နေရာ ၆ နေရာနှင့် မြေပြိုကျနိုင်မည့်နေရာများအား ဆည်းမြောင်းဌာနရုံးချုပ်မှ ဘူမိဗေဒပညာရှင်များ၏အကူအညီဖြင့် ယနေ့နံနက်ပိုင်းမှ စတင် ကာ စစ်ဆေးတိုင်းတာဆောင်ရွက်မှုများပြုလုပ်နေသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့်အခြေအနေများနှင့် ပြန်လည်ပြိုကျနိုင်မည့်အခြေအနေအတိအကျများကို လာမည့်ရက်များ၌ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦးဇော်မိုးအောင် က ဆက်လက်ပြောသည်။




“ဒီနေ့မနက်မှာဆိုရင် ဆည်မြောင်းဌာနက သူတို့ရဲ့ခေတ်မီတဲ့ မြေအောက်တိုင်းတာတဲ့ ကိရိယာတွေနဲ့ ပေါင်မြို့နယ်မှာ ပြိုကျသွားတဲ့နေရာတွေကို တိုင်းတာနေတယ်၊ အဖြေအတိအကျတော့ မသိသေးဘူးပေါ့၊ မလတ်တောင်ကို ပြိုကျသွားတဲ့ တောင်အပေါ်ဘက်ကနေ ကျောက်တုံးတွေကျလာရင်၊ ကာကွယ်နိုင်အောင်ရေတာဘောင်၊ ကျောက်တာဘောင်၊ မြေတာ ဘောင် သဘောမျိုးလေးလုပ်သွားမယ်ပေါ့၊ နောက်ပြီး အောက်ဘက်ကျတော့ သူတို့မှန်းထားတာကျတော့ ရေစီးမြောင်းလေး ဖောက်လိုက်မှာပေါ့နော်၊ အဲကနေမှ ဘယ်နားလေးမှာ ရှိနိုင်သေးလည်း မိသားစုဝင်တွေက ပြောပြရင်တော့ ရှာဖွေရေးအဖွဲ့ တွေက သူတို့ပြတဲ့နေရာတွေကို မြေတူးစက်နဲ့ လိုက်ကုတ်ပေးမယ်၊ ရှာပေးမယ်ပေါ့၊” ဟု ၄င်းက ပြောသည်။




အဆိုပါမလတ်တောင်တောင်မြေသားပြိုကျမှုအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ ၀င်(၁၅၀)ဦးခန့်၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့မှ လူမှုကူညီရေးအသင်းဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များ၊ဒေသခံပရဟိတအဖွဲ့ဝင်များမှ သံသယရှိနိုင်သည့်နေရာများတွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးရပ်နားမည့်ရက်ကို အတိအကျမသိရှိနိုင်သေးကြောင်း ဦးဇော်မိုးအောင်က ထံမှ သိရသည်။


ကိုဟိန်း( ပေါင် )


ဦးမင်းဟိန်းကိုလင်း