ပါတီတာဝန်များမှ ရုပ်သိမ်းခဲ့သည့် ပုသိမ်ကြီး လွှတ်တော်အမတ်အား မန္တလေးတိုင်းလွှတ်တော် ရေးရာကော်မတီ တာဝန်များမှ အစားထိုးဖယ်ရှား

2020-02-20 16:15:37


ပါတီတာဝန်များမှ ရုပ်သိမ်းခဲ့သည့် ပုသိမ်ကြီး လွှတ်တော်အမတ်အား မန္တလေးတိုင်းလွှတ်တော် ရေးရာကော်မတီ တာဝန်များမှ အစားထိုးဖယ်ရှား

ပါတီတာဝန်များမှ ရုပ်သိမ်းခဲ့သည့် ပုသိမ်ကြီး လွှတ်တော်အမတ်အား မန္တလေးတိုင်းလွှတ်တော် ရေးရာကော်မတီ တာဝန်များမှ အစားထိုးဖယ်ရှား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပါတီတာဝန်များမှ ရုပ်သိမ်းခဲ့သည့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ တာဝန်များမှလည်း အစားထိုးဖယ်ရှားသည်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူ ဖြစ်ပြီး ဖေဖေါ်ဝါရီ(၁၈)ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ယင်းရာထူးတာဝန်တာဝန်များမှ အစားထိုးဖယ်ရှားခြင်း ဖြစ်သည်။


ဦးရဲမင်းဦး တာဝန်ယူခဲ့သည့် ရေးရာကော်မတီ တာဝန်များအနက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးအဖြစ် တံတားဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဝဏ္ဏအောင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ အဖွဲ့ဝင်အဖြစ် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးရဲမင်းထွန်းအား အစားထိုးတာဝန်ပေးအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ကြေညာသည်။


“တခြားနေရာ(အခြားရေးရာ ကော်မတီတာဝန်) တွေ ပြန်မပို့ထားဘူးဆိုတော့ သူ့ကို အစားထိုးဖယ်ရှားတဲ့၊ ထားခဲ့တဲ့သဘောပေါ့”ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ အတွင်းရေးမှူး မိတ္ထီလာမြို့နယ် အမှတ်(၂)ကိုယ်စားလှယ် ဦးစိုးသန်းက Mandalay In-depth News အား ပြောသည်။


ပုသိမ်ကြီးမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပါတီတာဝန် အသီးသီးမှ ရုပ်သိမ်းခံခဲ့ရသူဖြစ်ပြီး ယခုနှစ်လကျော်အကြာတွင် လွှတ်တော်ရေးရာကော်မတီ ရာထူးတာဝန်များမှပါ အစားထိုးခံရခြင်း ဖြစ်သည်။


ယင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းခဲ့ရာ “မှတ်ချက်ပေး ပြောကြားလိုခြင်း မရှိ”ဟု ပြန်လည်ဖြေကြားသည်။


လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးနှင့် ပတ်သက်၍ ပြည်သူ နှစ်ဦး၊သုံးဦးခန့်မှ ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားရေးဌာနသို့ တိုင်ကြားမှုများ ရှိခဲ့သည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ကာ ၎င်းအား ပါတီတာဝန်များမှ ရပ်စဲရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးတင်ထွဋ်ဦးက ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းက Mandalay In-depth News အား ပြောသည်။


မည်သည့် အကြောင်းအရာကိစ္စဖြင့် တိုင်ကြားသည်ဆိုသည်ကိုမှု ဦးတင်ထွဋ်ဦးက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဘဲ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပါတီတာဝန်များမှ ရပ်စဲရန် နိုဝင်ဘာ(၂၃)တွင် ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ(၂)ရက်တွင် တရားဝင် စာထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားထားသည်။


ဦးရဲမင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင် မန္တလေးခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပုသိမ်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။


မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ရေးရာကော်မတီ (၁၄)ခုရှိပြီး ဖေဖေါ်ဝါရီ(၁၈)ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အခြားရေးရာကော်မတီ အဖွဲ့ဝင်အချို့ကိုလည်း ရာထူး၊တာဝန်များ ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့သည်။


မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်/ Photo- Nyi Thit