ပျော်ဘွယ်မြို့တွင် စုကြေးငွေ ကျပ်သိန်း(၂၇၀)ကျော် ထုတ်မပေးဘဲ တိမ်းရှောင်နေသည်ဟုဆိုကာ အမှုဖွင့်

2020-02-20 16:14:51


ပျော်ဘွယ်မြို့တွင် စုကြေးငွေ ကျပ်သိန်း(၂၇၀)ကျော် ထုတ်မပေးဘဲ တိမ်းရှောင်နေသည်ဟုဆိုကာ အမှုဖွင့်

ပျော်ဘွယ်မြို့တွင် စုကြေးငွေ ကျပ်သိန်း(၂၇၀)ကျော် ထုတ်မပေးဘဲ တိမ်းရှောင်နေသည်ဟုဆိုကာ အမှုဖွင့်


မန္တလေးတိုင်း ပျော်ဘွယ်မြို့တွင် လစဉ်စုကြေးငွေ ကျပ်သိန်း(၂၇၀)ကျော် ထုတ်ပေးခြင်း မရှိဘဲ အလွဲသုံးစားပြုကာ တိမ်းရှောင်နေသည်ဟုဆိုကာ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တစ်မြို့တည်းနေ အမျိုးသမီးတစ်ဦးက အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ပျော်ဘွယ်မြို့ မန္တလေးတန်းရပ်နေ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးသည် ပြီးခဲ့သည့် ၂၀၁၈ ဇူလိုင်လအတွင်းက ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်ကွက်နေ အမျိုးသမီး၏ နေအိမ်သို့ လာရောက်၍ ၎င်းမှာ စုမဲဒိုင် ပြုလုပ်မည်ဖြစ်၍ ပါဝင်လိုလျှင် တစ်စု သုံးသိန်းကျပ် လစဉ်ပေးသွင်း၍ လူ(၂၀)ဦးစာ တစ်လလျှင် ကျပ်သိန်း(၆၀) ထုတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ရာ ခင်မင်ရင်းနှီးသူများဖြစ်၍ တစ်လလျှင် ကျပ်သုံးသိန်း ပေးသွင်း၍ စုမဲပါဝင်ခဲ့သည်ဟု ဆိုသည်။


ထို့နောက် တစ်လလျှင် တစ်ယောက်စီ အလှည့်ကျ ထုတ်ပေးခဲ့ပြီး စုမဲနံပါတ် (၁၃)တွင် စုမဲပျက်သွား၍ ကျန်စုမဲ (၇)စုအား တစ်စုလျှင် (၃၉)သိန်းကျပ်ဖြင့် ကျပ်သိန်း(၂၇၃)သိန်း ထုတ်ပေးရမည် ဖြစ်သော်လည်း ပြန်လည်ထုတ်ပေးခြင်း မရှိဘဲ တိမ်းရှောင်နေသဖြင့် ဖေဖေါ်ဝါရီ(၁၈)ရက်တွင် ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်နေ အမျိုးသမီးက မြို့နယ် ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခြင်း ဖြစ်သည်ဟု ဆိုသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပျော်ဘွယ်မြို့ မန္တလေးတန်းရပ်နေ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးကို ပျော်ဘွယ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၆ (ယုံကြည်အပ်နှံဖောက်ဖျက်မှု)ဖြင့် အမှုဖွင့်ထားသည်ဟု ဖမ်းဆီးရမိရေး ဆောာင်ရွက်လျှက်ရှိသည်ဟု ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကြေးပြဿနာ၊ မိသားစုပြဿနာ၊ မြေယာကျူးကျော်ခြင်း၊ အငြင်းပွားခြင်းကဲ့သို့ လူ့ပယောဂကြောင့် ဖြစ်ပွားသော အမှုပေါင်း (၅၆၈၃)မှု ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။