လုပ်ဖော်ကိုင်ဘက် အမျိုးသမီးရဲမေရဲ့ အတွင်းခံတွေကို ခိုးယူခဲ့တဲ့ရဲအရာရှိ၊ အဖမ်းခံရ

2020-02-20 01:08:47


လုပ်ဖော်ကိုင်ဘက် အမျိုးသမီးရဲမေရဲ့ အတွင်းခံတွေကို ခိုးယူခဲ့တဲ့ရဲအရာရှိ၊ အဖမ်းခံရ

လုပ်ဖော်ကိုင်ဘက် အမျိုးသမီးရဲမေရဲ့ အတွင်းခံတွေကို ခိုးယူခဲ့တဲ့ရဲအရာရှိ၊ အဖမ်းခံရ


မလေးရှားစကားပုံလေးတစ်ခု ရှိပါတယ်။ အဲဒီစကားပုံကတော့ "Harapkan pagar, pagar makan padi"လို့ သူတို့ဘာသာအရ ဆိုပါတယ်။ ဘာသာပြန်ရရင်တော့ " ကောက်နှံစပါးတွေကို ကာကွယ်ပေးဖို့ ခြံစည်းရိုးကို ယုံခဲ့ပေမယ့်၊ ခြံစည်းရိုးကြောင့် ကောက်နှံစပါးတွေ ပျက်စီးရတယ်"လို့ ဆိုပါတယ်။ အခုလည်း ရဲအရာရှိအနေနဲ့ သူ့လက်အောက် ငယ်သားတွေကို အကာအကွယ်ပေးမယ့်အစား၊ ငယ်သားဖြစ်တဲ့ မိန်းပျိုတစ်ဦးရဲ့ အခန်းတွင်းကို ကျူးကျော်ဝင်ရောက်ပြီး၊ မဖွယ်မရာ အမျိုးသမီးအတွင်းခံနဲ့ ဘရာစီယာတွေကို ခိုးယူခဲ့တဲ့အဖြစ်ပါ။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ သတင်းတွေ ပွနေပါတယ်။


မလေးရှားနိုင်ငံ PDRM ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးဟာ အမျိုးသမီးရဲမေတစ်ဦးရဲ့ လိုင်းခန်းအတွင်းကို ကျူးကျော်ဝင်ရောက်ပြီး၊ ရဲမေရဲ့အတွင်းခံဘောင်းဘီ၊ ဘရာစီယာ စသည်တို့ကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် အခုဆိုရင် အဲဒီရဲအရာရှိကို ရဲက ဖမ်းဆီးထားပါတယ်။


ဒီအဖြစ်အပျက်ဟာ Johor က Kulai District Police Headquarters မှာ ဖြစ်ခဲ့တာပါ။ အဲဒီရဲအရာရှိဟာ အမျိုးသမီးရဲမေရဲ့အခန်းအတွင်းကို (၄)ကြိမ်အထိ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး၊ ဝင်ရောက်တိုင်းလည်း အမျိုးသမီးတွေရဲ့ မအပ်မရာအသုံးဆောင်တွေကို ခိုးယူလေ့ရှိပါတယ်။


အဆိုပါ ရဲမေအမျိုးသမီးဟာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ အခန်းပတ်ဝန်းကျင်မှာ သံသယရှိဖွယ်ရာ ခြေရာလက်ရာတွေကို တွေ့ခဲ့တာရယ်၊ ပိုင်ဆိုင်မှုတွေပျောက်နေတာရယ်ကို သိရှိပြီးနောက် သူခိုးဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဖော်ထုတ်ခံလိုက်ရတဲ့ ရဲအရာရှိဟာ အိမ်ထောင်သည်ဖြစ်ပြီး၊ သူရဲ့ဇနီးကလည်း အဲဒီစခန်းမှာ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပါတယ်။ နောက်ဆုံးတော့ သူဟာ ခိုးထုပ်ခိုးထည်နဲ့တကွဖော်ထုတ်ခံခဲ့ရပါတယ်။ သူဟာ အတွင်းခံဘောင်းဘီ(၁၂)ထည်၊ ဘရာ(၂)ထည်နဲ့၊ ညှပ်ဖိနပ်တစ်ရံကို ခိုးယူထားတာပါ။ ရဲက အသေးစိတ်စစ်ဆေးနေပါတယ်။


လင်းဇော်ကို (D Nae Khit)