အမှန်တရားမပေါ်ပေါက်ပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ ဗစ်တိုးရီးယားလေး အမှု

2020-02-19 10:53:45


အမှန်တရားမပေါ်ပေါက်ပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ ဗစ်တိုးရီးယားလေး အမှု

အမှန်တရားမပေါ်ပေါက်ပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ ဗစ်တိုးရီးယားလေး အမှု


ဗစ်တိုးရီးယား လက်ရှိ အခြေအနေ

၁- နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက့ဒီဇင်ဘာ ၁၈ရက်နေ့မှာ အောင်ကြီးကို တရားရှင် လွှတ်လိုက်တဲ့နေရာမှာ ကာလစည်းကမ်း ကန့်သတ်ချက် ရက်၆၀အတွင်း အမှုကို ပြင်ဆင်ချက်နဲ့ ထပ်တက်လို့ ရတယ်လို့ ဆိုတာ ပါပါတယ်။ ဆိုလိုတာက အောင်ကြီးကို လွှတ်တာကို မကျေနပ်ရင် သက်သေ အထောက်အထားအသစ်နဲ့ အမှုကို ထပ်တက်လို့ ရတယ်လို့ ဆိုလိုတာပါ။ ဒီအတွက် ခရိုင်ဥပဒေရုံးနဲ့ အမှတ်(၁) မှုခင်းတပ်ဖွဲ့ကနေပြီးတော့ အောင်ကြီးကို ဆက်လက် စွဲဆိုဖို့ ပြင်ဆင်ချက်နဲ့ တိုင်းဥပဒေရုံးကို တင်ခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းဥပဒေရုံးက တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ် ဆိုပြီး အောင်ကြီးကို ဆက်လက် စွဲဆိုခွင့် မပြုတော့ပါဘူး။


၂- ဒါကြောင့် ဗစ်တိုးရီးယား အမှုဟာ အမှန်တရားမပေါ်ပေါက်ပဲ ဒီနေ့မှာ ပြီးဆုံးသွားပါပြီ။ အမှု ပြီးဆုံးသွားတဲ့အတွက်ကြောင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်ဆိုပြီး စောင့်ကြည့်နေတဲ့ နိုင်ငံတော် သမ္မတရုံးအနေနဲ့ ဆက်လက် စောင့်ကြည့်နေစရာ မလိုပဲ တာဝန်ယူမှု တာဝန်ခံမှုကို စတင် ဆောင်ရွက်ဖို့ သင့်ပါပြီ။ အမှုဖြစ်စဉ် တလျောက်မှာ အများပြည်သူ သာမန်လူတောင် ထင်သာ မြင်သာ ရှိနေတဲ့ ကိစ္စရပ်တွေကို မျက်နှာလွှဲ ခဲပစ် မလုပ်ဘူးလို့ ယုံကြည်ပါတယ်။


၃- အမှုဖြစ်စဉ်တလျောက်မှာ နစ်နာမှု ရှိခဲ့တဲ့ အောင်ကြီးဟာ သူရဲ့ သိက္ခာကို ပြန်လည် ရရှိခဲ့ပေမယ့် ဗစ်တိုးရီးယားလေးနဲ့ မိဘနှစ်ပါးကတော့ အောက်ပါ နစ်နာမှုတွေကို ကြုံခဲ့ရပါတယ်။

(က) အောင်ကြီးပါ ဆိုပြီး တရားရုံးတင်ထားတဲ့ တလျောက်လုံး လစာမဲ့ခွင့် ယူပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ အမှု ရင်ဆိုင်ခဲ့ရတယ်။ (ခ) သမီးလေး ညွှန်ပြတဲ့ ကျူးလွန်သူတွေကို ဗီဒီယို ရိုက်ပြီး တရားရုံးကို တင်သွင်းခဲ့လို့ တရားစွဲဆို ခံရတယ်။ (ဂ) ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမီးလေး နာမည်နဲ့ မိဘတွေ နာမည်ကို ထည့်သွင်း ဖေါ်ပြခြင်းခံရတယ်။ ဒါတင် မက မိဘနေရပ် လိပ်စာ အလုပ်အကိုင် အားလုံးကို ရဲဇာနည်ပေ့ချ်မှာ ထုတ်ဖေါ်ခြင်း ခံရတယ်။ (ဃ) ဒီလို တွေ ခံခဲ့ရပေမယ့် အခုအချိန်ကို ပြန်ကြည့်ရင် သမီးလေးကို ကျူးလွန်သူကိုလည်း မဖေါ်ထုတ်နိုင်တဲ့အပြင် အမှုကလည်း အောင်ကြီး မဟုတ်ပါဘူး ဆိုတာနဲ့တင် ပြီးသွားတယ်။ ဘယ်သူမှ အမှုမှန်ပေါ်ဖို့ တာဝန်မခံဘူး။ သက်သေခိုင်လုံရင် တရားထပ်စွဲ ဆိုတာမျိုးပဲ ပြောတယ်။


၄- ဒီတော့ ဒီလောက် နစ်နာမှုတွေ ရှိနေတဲ့ မိသားစုလေးအတွက် တာဝန်ရှိသူတွေ တချက်လောက်တော့ ငဲ့ကြည့်ကြဖို့ ကောင်းပြီ။ အမှန်တရား ပေါ်နိုးနဲ့ အားထုတ် လျောက်လှမ်းမိတာ အရှက်တကွဲ အကျိုးနည်း၊ ဒုံရင်းနဲ့ အိမ်ပြန်၊ သမီးလေးရေ၊ ကံကိုပဲ ပုံလိုက်ကြပါစို့ကွယ် ဆိုတာမျိုး ဖြစ်သွားခဲ့ရင် ရှက်ဖို့ ကောင်းတာက ဒီမိသားစု မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်ကြီး လူသိရှင်ကြား အရှက်ကွဲတာပါ။


credit -သက်ကမိုးညို FB