အသက်မဲ့နေတဲ့ မိခင်မျောက်မကြီးကိုဖက်ပြီး၊ လူတွေလို ငိုကြွေးနေရှာတဲ့ မျောက်ကလေး

2020-02-19 10:07:04


အသက်မဲ့နေတဲ့ မိခင်မျောက်မကြီးကိုဖက်ပြီး၊ လူတွေလို ငိုကြွေးနေရှာတဲ့ မျောက်ကလေး

မျောက်ကလေးတစ်ကောင်ဟာ အသက်မဲ့နေတဲ့ မိခင်မျောက်မကြီးကို လူတွေအလား ဖက်ပြီးငိုကြွေးနေရှာတာကို သနားစဖွယ် တွေ့ခဲ့ရပါတယ်။ အဲဒီမျောက်ကလေးဟာ မိခင်ကို ပြန်နိုးလားမလားဆိုတဲ့ အတွေးနဲ့ လှုပ်နှိုးလိုက်၊ တအီအီငိုလိုက်နဲ့ အလွန်သနားစရာပါ။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ကိုကွိုင်ဂျာနာသစ်တောအတွင်းမှာ ဖြစ်ခဲ့တာပါ။ သတင်းမှာတော့ ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ(၁၂)ရက်က Bongaigaon မြို့အနီးက သစ်တောဧရိယာမှာ ဖြစ်ခဲ့တာပါတဲ့။ မှတ်တမ်းတင်ခဲ့သူတွေကတော့ သစ်တောအဖွဲ့ကပဲ ဖြစ်ပါတယ်။


ဒီမျောက်ကလေးတွေဟာ ရွှေရောင်လန်ဂွါးမျောက်မျိုးဖြစ်ပါတယ်။ မျောက်မကြီးဟာ လူမုဆိုးတွေရဲ့ပယောဂကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အနီးအနားက မဟာဓာတ်အားလိုင်းပေါ်မှာ တက်ရောက်ခဲ့မိရာက ဓာတ်လိုက်ပြီး သေဆုံးတာလို့ သစ်တာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


မျောက်ကလေးဟာ မိခင် သေဆုံးပြီဆိုတာ သူရဲ့ပင်ကိုစိတ်က သိပုံရပါတယ်။ ဒါကြောင့်လည်း အတော်လေးကို ယောက်ယက်ခတ်နေပြီး၊ ငိုကြွေးနေခဲ့တာပါ။ နောက်ပြီး မိခင်မျောက်မကြီးရဲ့ အမွေးအမျှင်တွေကို လက်နဲ့ဆွဲလှုပ်လိုက်၊ ခန္ဓာကိုယ်ကို လှုပ်လိုက်နဲ့ အလွန်ကြေကွဲစရာပါ။


သစ်တောအဖွဲ့ဝင်တွေက မျောက်မကြီးရဲ့အလောင်းကို နီးစပ်ရာမှာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရပါတယ်။ မျောက်ကလေးကိုတော့ သူတို့ ဘယ်လို စီမံပေးခဲ့တယ်ဆိုတာ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ ယမန်နှစ်တုန်းကလည်း မျောက်တစ်ချို့ ဓာတ်လိုက် သေဆုံးတာမျိုး ရှိခဲ့ပါသေးတယ်။


လင်းဇော်ကို (D Nae Khit)