ဖမ်းဆီးခံရပြီးနောက်တနေ့သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ရဲ့ နာရေးမြင်ကွင်း (ဘယ်လိုဖြစ်ခဲ့လဲ)


ဖမ်းဆီးခံရပြီးနောက်တနေ့သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ရဲ့ နာရေးမြင်ကွင်း (ဘယ်လိုဖြစ်ခဲ့လဲ)

အောက်ဆုံးတွင် ဗီဒီယိုဖိုင်ကို တင်ပေးထားပါသည်။


ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ၅၄ လမ်းမှာနေထိုင်တဲ့ အသက်၁၉ နှစ်အရွယ်မောင်ဘုန်းမြင့်အောင်နဲ့ဖခင်ဖြစ်သူ ဦးထင်ဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။


ဖမ်းဆီးသွားတဲ့နေ့မှာတော့ ဖခင်ဖြစ်သူကိုပြန်လွှတ်လိုက်ပြီး နောက်တနေ့နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ စစ်ကြောရေးမှာ မောင်ဘုန်းမြင့်အောင်သေဆုံးသွားပြီလို့မိသားစုတွေထံ အကြောင်းကြားလာတာဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။


သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့နိုဝင်ဘာ ၂၄ရက်နေ့က ရန်ကုန် ရေဝေးသုသာန်ကို စစ်ကောင်စီတပ်တွေက လာရောက်ပို့ဆောင်ခဲ့ပြီး နာရေးအခမ်းအနားလုပ်ခွင့်မရသလို မိသားစုတွေကရုပ်အလောင်းကို ကြည့်ခွင့်မရှိခဲ့ဘူးလို့ နာရေးကိုလိုက်ပါပို့ဆောင်ပေးခဲ့သူတွေကပြောပါတယ်။


“ ရေဝေးမှာတော့ ၁၂ နာရီလောက်ကတည်းက အရပ်ဝတ်အင်အားတွေတော်တော်များများရောက်နေတာ၊ ၁နာရီကျော်လောက်ကျတော့ နာရေးကားရောက်လာတယ်။ အလယ်မှာ စစ်ကားတစ်စီး ၊ အနောက်မှာ အံစာတုံးကားတစ်စီးနဲ့ရောက်လာတယ်။


နာရေးကားရပ်ပြီးတာနဲ့ စစ်ကားပေါ်က စစ်သားတွေက သေနတ်တွေအသင့်အနေအထားနဲ့ ဆင်းလာတယ်။ စစ်ကားပေါ်မှာ ဗိုလ်ကြီးတစ်ယောက်ကတော့ Mask အနက်တပ်ပြီး စောင့်နေတယ် သူကမဆင်းဘူး ။


နာရေးကားကို မီးသင်္ဂြိုဟ်စက်ရှေ့ကိုတန်းမောင်းခိုင်းတယ်။ မီးသင်္ဂြိုဟ် စက်အနားထိကားနောက်ပိုင်းကို ထိုးခိုင်းပြီး အနောက်ဖုံးကိုဖွင့်တယ်။ အလောင်းကိုလည်းဘယ်သူမှကြည့်ခွင့်မပေးဘူး။ စစ်သားတွေက ပါးစပ်ကလည်းပြောတယ်၊ ဓါတ်ပုံမရိုက်ကြနဲ့ ဆိုပြီး သေနတ်နဲ့အော်နေတယ်။


ဓါတ်ပုံကိုင်ထားတဲ့မိသားစုဝင်တစ်ယောက်က အလောင်းကိုကြည့်ချင်လို့ သွားခွင့်တောင်းတာ စစ်သားက ခေါင်းခါပြီး အနားကမောင်းထုတ်တယ်” လို့ ဒီကနေ့နာရေးကိုလိုက်ပါပို့ဆောင်ခဲ့တဲ့ မောင်ဘုန်းမြင့်အောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။


သေဆုံးခဲ့တဲ့ မောင်ဘုန်းမြင့်အောင်ကိုတော့ စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၂ရက်နေ့ညက နေအိမ်မှာ စစ်ကား ၃ စီးနဲ့လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး နောက်တနေ့မှာ စစ်ကြောရေးမှာ


သေဆုံးသွားတယ်လို့မိသားစုကို အကြောင်းကြားလာကလွဲရင် မောင်ဘုန်းမြင့်အောင်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။


မောင်ဘုန်းမြင့်ကိုဖမ်းဆီးရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်း နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူးလို့ သိရပါတယ်။


ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းမှာနေတဲ့ ကိုဘုန်းမြင့်အောင် တို့သားအဖကို SAC ဟာ နိုဝင်ဘာလ ၂၂ ရက်က တပ်ကား ၃ စီးနဲ့လာရောက်ဖမ်းဆီးသွားတာပါ။


အဲဒီနောက် ည ၁၂ နာရီလောက်မှာ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တဲ့ ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ် နိုဝင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းမှာတော့ ကိုဘုန်းမြင့်အောင်ဟာ ရေသောက်စဥ် ရေသီးပြီး ဆုံးသွားတယ်ဆိုကာ SAC က မိသားစုကိုအကြောင်းကြားလာပါတယ်။


စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ကိုဘုန်းမြင့်အောင်ရဲ့ နောက်ဆုံးခရီးကို SAC လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အနီးကပ်စောင့်ကြပ်ခဲ့ပါတယ်။


ကိုဘုန်းမြင့်အောင်ရဲ့ နာရေးကို ဓာတ်ပုံမရိုက်ရဆိုပြီး သေနတ်တွေကိုင်ပြီး SAC လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ခြိမ်းခြောက်တယ်လို့ သိရပါတယ်။


အသက် ၁၉ နှစ်အရွယ် ကိုဘုန်းမြင့်အောင်ဟာ တက္ကသိုလ် ပထမ နှစ်ကျောင်းသားဖြစ်ပြီး သားအဖ ၂ ဦးကို SAC ဟာ ဘာကြောင့်ဖမ်းဆီးရလဲဆိုတာတော့မသိရသေးပါဘူး။


ဘီဘီစီ


ဗီဒီယို ခရက်ဒစ် – Mercury Media