ဖျက်သိမ်းရန် တရားရုံး၌လျှောက်ထားလိုက်တဲ့ မြန်မာဘီယာထုတ်သည့် ဂျပန်- မြန်မာ ဖက်စပ်ကုမ္ပဏီ


ဖျက်သိမ်းရန် တရားရုံး၌လျှောက်ထားလိုက်တဲ့ မြန်မာဘီယာထုတ်သည့် ဂျပန်- မြန်မာ ဖက်စပ်ကုမ္ပဏီ

မြန်မာစစ်တပ်ပိုင်၊ မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ UMEHL နှင့် ဂျပန်နိုင်ငံက အဖျော် ယမကာလုပ်ငန်းကြီး ကီရင် (Kirin Holdings) တို့ ဖက်စပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာဘီယာ အပါအဝင် ဘီယာ အမှတ်တံဆိပ် ၅ မျိုး ထုတ်လုပ်လျက်ရှိသော မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်း တော့မည်ဖြစ်သည်။


မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် ထိုဖက်စပ်ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၉၈(စ) အရ နိုဝင်ဘာလ ၁၉ ရက်နေ့က UMEHLက လျှောက်ထားခဲ့သည်။


၂၀၁၅ ခုနှစ်တွင် မြန်မာဘရူဝါရီကုမ္ပဏီလီမိတက်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဂျပန် ကီရင်ကုမ္ပဏီက UMEHL ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကျော်ဖြင့် ဝယ်ယူခဲ့ပြီး မြန်မာဘရူဝါရီကုမ္ပဏီ၏ အဓိကရှယ်ယာရှင် ဖြစ်လာခဲ့သည်။


ထို့နောက် မြန်မာဘီယာ၊ Myanmar Premium ဘီယာများအပြင် KIRIN ICHIBAN ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ နှင့် Black Shield Stout ဘီယာ တို့ကိုပါ တိုးချဲ့ ထုတ်လုပ်လာခဲ့ပြီး မြန်မာဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစု ရရှိလာခဲ့သည်။


မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် သိမ်းယူပြီးနောက် မြန်မာ စစ်တပ်၏ ပူးပေါင်းလုပ်ဆောင်နေသော လုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များကို အများပြည်သူများက သပိတ်မှောက်ခြင်းများ အပြင်းအထန်လုပ်ဆောင်ခဲ့ကြသလို ထိုထဲတွင် မြန်မာဘရူဝါရီ ကုမ္ပဏီမှ ထုတ်လုပ်နေသော ဘီယာအမှတ်တံဆိပ်များက ထိပ်ဆုံးက ပါဝင်ခဲ့သည်။


ယင်းအပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များကလည်း နိုင်ငံခြားကုမ္ပဏီများကို မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မှု ရပ်ဆိုင်းရန် ဖိအားပေး တောင်းဆိုခဲ့ကြပြီး ဂျပန်ကုမ္ပဏီ ကီရင်လည်း ဖိအားများလာခဲ့သည်။


“ကုမ္ပဏီကို ဖျက်သိမ်းလိုက်ပေမယ့် ထုတ်ကုန်တွေကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်မယ့် ပုံတော့ မဟုတ်ဘူး။ သူတို့အခုထုတ်နေတဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေကို တခြားကုမ္ပဏီတခုဆီကို လွဲပြောင်းသွားတာမျိုး ဖြစ်နိုင်သလို


ကုမ္ပဏီအသစ်တခု ထပ်ထောင်လိုက်ပြီးတော့ JV(ဖက်စပ်) အသစ်လည်း ဖြစ်လာနိုင်တယ်”ဟု နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများအတွက် အကျိုးဆောင်ပေးနေသည့် စီးပွားရေး ဆိုင်ရာရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။


မြန်မာဘရူဝါရီကုမ္ပဏီက ထုတ်လုပ်သော ဘီယာအမှတ်တံဆိပ်များသည် ပြည်တွင်းဈေးကွက်၌ ရောင်းအားအကောင်းဆုံးထုတ်ကုန်များဖြစ်ပြီး စစ်အာဏာသိမ်းမှုနောက်မှသာ အများပြည်သူ၏ သပိတ်မှောက်မှုကြောင့်သာ


ရောင်းအားကျဆင်းသွားသည့်အတွက် အဆိုပါ ထုတ်ကုန်များကို မြန်မာ စစ်တပ်ပိုင်ကုမ္ပဏီက ပါဝင်ပတ်သက်မှု မရှိတော့သည့် အခြေအနေမျိုးကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။


၎င်းက ဆက်လက်၍ “ ဒီကုမ္ပဏီနဲ့ ပတ်သက်ပြီး လူတွေအကုန်က ဒါဟာ ဦးပိုင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီလို့ မြင်နေကြတာပေါ့။ အဲဒီတော့ တခြားကုမ္ပဏီအသစ်မွေးဖွားလိုက်ပြီးတော့ ဒီကုန်ပစ္စည်း တွေကိုပဲ ဆက်ထုတ်ပြီး လုပ်သွားနိုင်မလားဆိုတဲ့ ယူဆချက်လည်း ရှိနိုင်တယ်” ဟု ဆိုသည်။


မြန်မာဘရူဝါရီကုမ္ပဏီ၏ ဘီယာရောင်းအားသည် ပြီးခဲ့သည့်နှစ်ကထက် ၄၀ ရာခိုင်နှုန်းကျဆင်းသွားပြီး ထိုပမာဏသည် ဂျပန်ယန်း ၉ ဒသမ ၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း)အထိရှိကာ ပုံမှန်လုပ်ငန်းလည်ပတ်မှု


အမြတ်အစွန်းမှာလည်း ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားကြောင်း ကုမ္ပဏီ၏ ယခု၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် တတိယ သုံးလပတ်ရလဒ် အစီရင်ခံစာအရ သိရသည်။


၂၀၁၉ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လွတ်လပ်သော အချက်အလက်ရှာဖွေရေး ကော်မရှင်၏ အစီအရင်ခံစာအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်စလင်(ရိုဟင်ဂျာ)များကို မြန်မာစစ်တပ်က


လူအခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဂျပန်ကီရင်ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် မြန်မာ စီးပွားရေးဦးပိုင်ကို ၂၀၂၀ခုနှစ်တွင် အမြတ်ဝေစုခွဲဝေပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည်။


ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်သည့် နောက်ပိုင်းတွင် မြန်မာ့စီးပွားရေးဦးပိုင် နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်နေမှုများကို အဆုံးသတ်သွားမည်ဟု ဂျပန်ကုမ္ပဏီ ကီရင်ဘက်က ပြောကြားထားဖူးသည်။


စစ်တပ်က အာဏာသိမ်းပြီးနောက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာ တယ်လီနော၊ ဂျာမနီ အစားသောက်လက်လီလက်ကားကုမ္ပဏီ Metro၊ အိန္ဒိယဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီ Adani၊ ဆွစ်ဇာလန် ဟိုတယ်လုပ်ငန်းစု Kempinski၊ ဩစတေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Myanmar Metals Limited၊


ဗြိတိသျှ စီးကရက်ကုမ္ပဏီ British American Tobacco Myanmar အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ခုကျော်သည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်း၍ ပြန်လည် ထွက်ခွာလျက်ရှိသည်။


ဧရာဝတီ