COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၄၀၀ နီးပါးရှိပြီ

2020-02-14 21:07:28


COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၄၀၀ နီးပါးရှိပြီ

COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၄၀၀ နီးပါးရှိပြီ


တရုတ်နိုင်ငံမှာ Coronavirus ပိုးကြောင့် ဒီကနေ့ သောကြာနေ့မှာ နောက်ထပ် ၁၂၁ ယောက်သေဆုံးခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ ၁၄၀၀ ရာနီးပါး ရှိသွားပြီလို တရုတ်ကျန်းမာရေးကော်မရှင်က ပြောကြားပါတယ်။ ပိုးကူးစက်နေတယ်လို့ အတည်ပြုသူကလည်း နောက်ထပ် ၅၀၉၀ ရှိတယ်လို့ ပြောပါတယ်။ လူနာတွေကို ကုသပေးနေတဲ့ ဆေးဝန်ထမ်း ၁၇၀၀ ကျော်မှာလည်း Coronavirus ပိုးကူးစက်ခဲ့ပြီး၊ သေဆုံးသွားသူက ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Zeng Tixin ကဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ပိုးကူးစက်နေသူ ၆၄၀၀၀ နီးပါးအပါအဝင် တကမ္ဘာလုံးမှာ စုစုပေါင်းကူးစက်နေသူ ၆ သောင်းခွဲလောက် ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ကူးစက်သူအရေအတွက်တိုးလာတာဟာ ရောဂါပိုးကို စစ်ဆေးတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာတာကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြောခွင့်ရသူကပြောပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ဆေးတဲ့ နည်းသစ်တွေနဲ့ပါတ်သက်လို့ နောက်ထပ်ရှင်းလင်းပြဖို့ တိုက်တွန်းခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စုမှာတော့ ပိုးကူစက်တယ်လို့ အတည်ပြုနိုင်သူ ၁၅ ယောက် ရှိသွားပြီလို့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC က ကြာသပတေးနေ့က ကြေညာပါတယ်။ အခုနောက်ဆုံး ပိုးကူးစက်တယ်လို့ တွေ့ရှိသူဟာ အမေရိကန်နိုင်ငံခြားရေးဌာနက စီစဉ်ပေးတဲ့လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ Texas ပြည်နယ်ထဲက San Antonio လေတပ်အခြေစိုက်စခန်းကို ဖေဖော်ဝါ လ ၇ ရက်နေ့က ရောက်ရှိလာသူဖြစ်ပါတယ်။ အခုသူ့ကို အနားက ဆေးရုံတခုမှာ ကုသပေးနေပါတယ်။ မကြာခင်ရက်ပိုင်းတွေကမှ Wuhan မြို့နေ ရောက်လာသူတွေအပါအဝင် တရုတ်နိုင်ငံကနေ ပြန်ရောက်လာသူတွေထဲမှာ နောက်ထပ်ပိုးကူးသူတွေကို လာမယ့် ရက်ပိုင်း သီတင်းပတ်ပိုင်းတွေမှာ ထပ်တွေ့လာရနိုင်တယ်လို့လည်း CDC ကကြေညာချက်ထဲမှာ သတိပေးထားပါတယ်။ VOA Burmese News