ကျိုက်နဲ ရေလယ်ဘုရား သတင်းဖတ်ရတော့ ၁၉၇၃ ခုနှစ်က ကျိုက်ခမီမြို့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်း ပြောပြပါရစေ…..


ကျိုက်နဲ ရေလယ်ဘုရား သတင်းဖတ်ရတော့ ၁၉၇၃ ခုနှစ်က ကျိုက်ခမီမြို့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်း ပြောပြပါရစေ…..

နှစ် ၅၀ နီးပါးက ကျိုက္ခမီလှေမှောက်တော့ ကျွန်တော့် အဖေ လိပ်ပြာလွင့်ခဲ့တယ်


ဒီနေ့မနက် ကျိုက်ခမီရေလယ်ဘုရားနဲ့ သိပ်မဝေးလှတဲ့ ရေကြောတဆက်တည်းရှိနေတဲ့ ကျိုက်နဲ ရေလယ်ဘုရားမှာ ဘုရားဖူး တိုးကြိတ်ရင်း ရေနစ်မျောပါ လူအများအပြားသေဆုံးသွားတဲ့ သတင်းဖတ်ရတော့ ၁၉၇၃ ခုနှစ်က ကျိုက်ခမီမြို့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းသတိရမိပါတယ်။ တိတိကျကျပြောရရင် ကျနော့်အဖေကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပါ။




ကျွန်တော်တို့အဖေ (ဦးသိန်းအောင်) ဟာ ကျိုက်ခမီ(အ.ထ.က) မှာ ၁၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၇၀-၈၀ အထိ အလယ်တန်းပြဆရာတစ်ဦးပါ။ ကြိုသက်/စက်မှု ဘာသာရပ်သင်ဆရာတစ်ယောက်ဖြစ်ပေမယ့် အားကစားဝါသနာထုံတဲ့အဖေဟာ ကာယဆရာမရှိတဲ့ အ.ထ.က ကျောင်းမှာ ကာယဆရာတဖြစ်လည်း နှစ်ပေါင်းများစွာ ပူးတွဲ သင်ကြားခဲ့ရပါတယ်။




ကျိုက်ခမီမြို့အဝင် (ကျောက်တိုင်)နားက အိမ်လေးတစ်အိမ်မှာ ရပ်ဝေးကျောင်းဆရာတစ်ဦးအဖြစ် အိမ်ငှားနေတဲ့ အဖေ့ကို အိမ်ရှင်မိသားစုကလည်း သားအရင်းနဲ့မခြား ကျွေးမွေးဂရုစိုက်ခဲ့ကြပါတယ်။




အဲဒီတုန်းက ကလေးနှစ်ယောက်ဖခင် ဖြစ်နေပြီဖြစ်တဲ့အဖေဟာ ကျောင်းဖွင့်ရင် ကျိုက်ခမီမှာ တာဝန်ထမ်းဆောင် ၊ ကျောင်းပိတ်ရင် မိသားစုနဲ့အတူနေဖို့ ပေါင်မြို့နယ် သဗြုချောင်ရွာလေးကိုပြန် ၊ အဲဒီလို သွားလာလှုပ်ရှားခဲ့ရပါတယ်။


ကျောင်းဆရာဘဝကို ချစ်မြတ်နိုးတဲ့စိတ် ကျိုက်ခမီမြို့လေးကို သံဃောဇဉ်ကြီးတဲ့ စိတ်နဲ့ အဖေဟာ သဗြုချောင်-ကျိုက်ခမီ မိုင် ၁၀၀ နီးပါးခရီးကို ဆယ်စုနှစ်နဲ့ချီ မငြီးမငြူး နှင်ခဲ့ပါတယ်။ အဲဒီလိုကျိုက်ခမီကို သံဃောဇဉ်ကြီးတဲ့အဖေအား တပည့်တွေရဲ့ချစ်ခင်ရိုသေမှု မြို့ခံတွေရဲ့ လေးစားယုံကြည်မှုကို အပြည့်အဝရခဲ့သလို အဲဒီအချိန်က ကျိုက်ခမီမှာ အဖေ့ကို မသိသူမရှိသလောက်ပါပဲ။


ဒါကြောင့် ဆရာဦးသိန်းအောင်ဆိုတဲ့နာမည်နဲ့ဆို ကျောင်းသားမိဘတွေက ကိုယ့်သားသမီးတွေကို ယုံယုံကြည်ကြည်ခွင့်ပေးကြတယ် ။ ကျောင်းကိစ္စလား ၊ စာလုပ်မလား ၊ အားကစားလုပ်မလား။ ဘယ်ကိစ္စကိုမဆို အစစ်ဆေးအမေးမြန်းမရှိတဲ့အထိ ယုံကြည်ကိုးစားခဲ့ကြပါတယ်။


ဒီနေရာမှာ အဖေက ကာယဆရာဆိုတော့ ကျောင်းထဲမှာ အားကစားလုပ်တဲ့တပည့်တွေ နဲ့ ပိုပြီး နီးစပ်ပါတယ် ၊ အဲဒီတပည့်တွေထဲမှာ ခပ်ဆိုးဆိုး တပည့်တွေ စနောက်ပျော်ပါးတက်တဲ့တပည့်တွေလည်း အများကြီးပါပါတယ်။


အဲဒီလို တပည့်တွေ ချစ်ခင်လေးစားမှုနေထိုင်လာရင်း တစ်ရက်မှာတော့ အဖေ့အတွက် စိတ်ထိခိုက်ကြေကွဲစရာအဖြစ်အပျက်တစ်ခု ကြုံတွေ့ခဲ့ရတယ်။


ကျိုက်ခမီရေလယ်ဘုရား အနီးက မီးပြတိုက်ကိုပျော်ပွဲစားထွက်တဲ့ ကိုးတန်း/ဆယ်တန်း ကျောင်းသားကျောင်းသူတွေပါသွားတဲ့ လှေနှစ်စင်းအနက် တစ်စင်းဟာ လှိုင်းလူးပြီးမှောက်သွားတဲ့ သတင်းဟာ ကျိုက်ခမီတစ်မြို့လုံးကို ဖုံးလွှမ်းသွားပါတယ်။


အဲဒီသတင်းနဲ့အတူ ကလေးတွေကို ဆရာဦးသိန်းအောင်က မီးပြတိုက်ကို ဦးဆောင်ခေါ်သွားတယ်ဆိုတဲ့ သတင်းတစ်ခုလည်းချက်ချင်းပြန့်သွားပါတယ်။


ဒါပေမယ့် လှေမှောက်တဲ့အထဲမှာ ဆရာဦးသိန်းအောင် ပါမသွားဘဲ မြို့အဝင်(ကျောက်တိုင်)အိမ်မှာပဲရှိနေတာသိကြတော့ တစ်ချို့ကျောင်းသားမိဘတွေဟာ သားသမီးဇောနဲ့ အဖေ့ကို ရန်ရှာတဲ့အထိ ဖြစ်ကုန်ကြပါတယ်။


တစ်မြို့လုံးလည်း ပေါက်ကွဲမယ့်အခြေအနေဖြစ်ကုန်ပါတယ်။ ဒီလိုအခြေအနေမှာ ကျိုက်ခမီမြို့က တာဝန်ရှိသူတွေက အဖေ့ကို အကာအကွယ်ပေးရင်း အဖြစ်မှန်ပေါ်ဖို့ အလျင်အမြန်လုပ်ကြပါတယ်။


အဲဒီမှာ အသက်မသေဘဲ ကမ်းပြန်ရောက်လာတဲ့ ကလေးတွေကို မေးမြန်းတော့မှ ရင်နစ်စရာ အဖြစ်မှန်ကိုသိကြရရှာတယ်။


တကယ်တော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အဖေ ဘာမှ မသိခဲ့ရပါဘူး။ မီးပြတိုက်ကို ပျော်ပွဲစားသွားဖို့ ဦးဆောင်တဲ့ ကျောင်းသားကြီးတွေက သူတို့နဲ့အတူလိုက်မယ့် အငယ်တွေကို ကိုယ့်အိမ်က ထွက်လို့ရအောင် ဆရာဦးသိန်းအောင်နဲ့အတူ သွားကြမယ်လို့ မိဘတွေကို လိမ်ညာပြောခိုင်းကြပါတယ်။


မိဘတွေကလည်း ဆရာဦးသိန်းအောင်နဲ့ဆိုရင် စိတ်ချလက်ချဆိုတော့ ကိုယ့်သားသမီးတွေကို ယုံယုံကြည်ကြည်နဲ့ လွှတ်လိုက် ကြပါတယ်။


အဲဒီခရီးစဉ်မှာပါတဲ့ကျောင်းသားအချို့ဟာ စားသောက်ဖို့ ကြောင်သားဟင်းပါ ထည့်သွားတယ်လို့ ကျန်ခဲ့သူတွေက ပြန်ပြောပြပါတယ်။ အဲဒီဒေသမှာ ပင်လယ်ပြင်သွားရင် ခြေလေးချောင်း(သားကြီး) မစားဖို့ အယူရှိပါတယ်။


အသက်မသေဘဲကျန်ခဲ့တဲ့ကလေးတွေ ရှင်းပြတော့မှပဲ ဒီခရီးစဉ်ကို ဆရာဦးသိန်းအောင်မသိသလို ဆရာ့နာမည်ခုတုံးလုပ်ပြီး ကိုယ့်ဟာကိုယ် ခိုးသွားကြတဲ့ ခရီးစဉ်မှန်းသိပြီး ကျောင်းသား မိဘတွေကလည်း အဖေ့ကို အမြင်မှန် နားလည်သွားကြပါတယ်။


အဲဒီနောက်မှာတော့ အဖေဟာ ကမ်းနားကိုချက်ချင်း ဆင်းပါတယ်။ ပထမတစ်ရက် ဆယ်လို့ရတဲ့ ကျောင်းသားအလောင်းတွေရော နောက်ရက်တွေမှာ ပုပ်ပွပြီး အရည်ရွှဲနေတဲ့ အလောင်းတွေရော ဖွဲပြာနဲ့လူးပြီး ကိုယ်တိုင်သယ်ပါတယ်။


သူအရမ်းချစ်တဲ့တပည့်တွေရဲ့ ရုပ်အလောင်းတွေကို ကုန်းပေါ်ရောက်အောင် တစ်လောင်းပြီးတစ်လောင်း ပွေ့ချီပါတယ်။ ရင်ဘတ်ထဲမှာတင်းကျပ်ထားသမျှ မျက်ရည်မကျအောင်ထိန်းရင်း ချစ်တပည့်တွေရဲ့နောက်ဆုံးခရီးကို သူအတက်နိုင်ဆုံး ပို့ဆောင်ပါတယ်။


အဲဒီလှေမှောက်မှုမှာ ကျောင်းသား ၁၃ ယောက်လောက် ရေစီးနဲ့ မျောပါ သွားကြတယ်။ တစ်ချို့အလောင်းတွေ ကမ်းခြေဘက် ပြန်မျောလာလို့ ပြန်ရသလို တစ်ချို့အလောင်းတွေ ရက်အတန်ကြာမှ ငါးဖမ်းပိုက်တွေကတဆင့် ရုပ်ပျက်ဆင်းပျက် ပြန်ရတာလည်း ရှိပါတယ်။ နောက်ဆုံးတစ်လောင်းဆိုရင် ရေစီးနဲ့ မျောပါရင်း နောက်တစ်ပတ်ဆယ်ရက်ကြာမှ မုဒုံ ကမာအုပ်ချောင်းထဲက ပြန်ရပါတယ်။


အဲဒီလို နာရေး ကိစ္စတွေအားလုံးပြီးချိန် ( ပြည်နယ်/ခရိုင်ပညာရေးမှူးရုံးရဲ့ ခုံဖွဲ့စစ်ဆေးမှု အပြစ်မရှိကြောင်း) အားလုံးရှင်းလင်းပြီးချိန်မှ အဖေဟာ ဇနီးနဲ့သားသမီးရှိတဲ့ သဗြုချောင်ရွာကို ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ အဖေဟာ သူတင်းထားတဲ့စိတ်ကို လုံးဝလွှတ်ချလိုက်ပါတော့တယ်။


ပြန်ရောက်လာတဲ့ ညမှာပဲ အဖေဟာ ညအိပ်ချိန် ဂယောင်ဂတမ်း ထအော်တယ်။ တစ်ကိုယ်လုံးချွေးတွေစိုရွှဲပြီး စကားလည်းမပြောတော့သလို မျက်ရည်ကျပြီး ငေးငေးငိုင်ငိုင်ဖြစ်နေတယ်။


သုံးလေးရက်ဆက်တိုက်အဲလိုဖြစ်နေတော့ အမေက ချော့မော့မေးမြန်းတော့မှ သူ့တပည့်လေးတွေ လှေမှောက်ပြီးဆုံးသွားတဲ့အကြောင်း ၊ သူစိတ်ထိခိုက်ရတဲ့အကြောင်း အမေ့ကိုပြောပြတယ်။


အဲဒီခေတ်က အခုလို သတင်းဆက်သွယ်ရေးသိပ်အားမကောင်းတော့ ကျိုက်ခမီလှေမှောက်သတင်းကို အမေက သဲ့သဲ့ကြားပေမယ့် ကိုယ့်ခင်ပွန်းနဲ့အခုလိုက်တိုက်ရိုက်ပတ်သက်နေမှန်း မသိခဲ့ပါဘူး။


အဖေပြန်ပြောပြတော့မှ ဖြစ်စဉ်တစ်ခုလုံးကို သိရတော့တာပါ။ အဲဒီအဖြစ်ဆိုးကြီးကြောင့် စိတ်လွတ်တဲ့အထိ ဖြစ်နေတဲ့ အဖေ့အတွက် အမေလည်း တော်တော် စိတ်ထိခိုက်ခဲ့ရတယ်။


နောက်ရက်တွေမှာတော့ အမေဟာ အိမ်ကို ဘုန်းကြီးပင့်ပြီး ဆွမ်းကပ်ပါတယ်။ တက်ကျွမ်းတဲ့ဆရာသမားတွေခေါ်ပြီး အဖေ့ကို လိပ်ပြာခွဲပါတယ် ။ မွန်လိုတော့ ( ပါ်ပုင်ဟမာဲ) လို့ခေါ်ပါတယ်။


တကယ်တော့ အဖေက သူအချစ်ဆုံးတပည့်တွေရဲ့ ပျက်စီးနေတဲ့ ရုပ်အလောင်း ( ပုပ်ရည်ကျနေတဲ့) အလောင်းတွေကို ထိခိုက်နာကျင်စိတ်နဲ့ ထမ်းနေတဲ့အချိန်မှာ သူ့စိတ်ကို သူတင်းထားပေမယ့် လိပ်ပြာလွင့်မတက် ခံစားနေခဲ့ရတာပါ။


အဲဒီအဖြစ်ပျက်ပြီးနောက်မှတော့ အဖေ ဟာ (အထက) ကျိုက်ခမီကနေ အပြောင်းအရွှေ့တင်ခဲ့ပါတယ်။ အချိန်တော်တော်ကြာမှ အပြောင်းအရွှေ့ရခဲ့ပါတယ်။အဖေ့နှုတ်ဆက်ပွဲဟာ ကျိုက်ခမီမြို့မှာ ပြောစမှတ်တွင်ပါတယ်။ ဘုရားဝင်းက ရုပ်ရှင်ရုံထဲ မှာ ဆရာဦးသိန်းအောင် နှုတ်ဆက်ပွဲကို ညဘက် စည်ကားစွာကျင်းပကြပါတယ်။


အဖေ့ကို တပည့်တွေရော မြို့ခံတွေရော လာနှုတ်ဆက်ကြသလို လက်ဆောင်ပစ္စည်းတွေ ဝိုင်းပေးကြတာလည်း ကားတစ်စီးတိုက်နီးနီးပါပဲ။


၂၀၁၁ ခုနှစ် အထက ကျိုက်ခမီ မြတ်ဆရာပူဇော်ပွဲကို အကန်တော့ခံအနေနဲ့ အဖေသွားတော့ ကျွန်တော်က အဖော်အဖြစ် လိုက်ပို့ပေးဖြစ်ပါတယ်။


အဖေမဆုံးခင် နောက်ဆုံးအကြိမ် ကျိုက်ခမီ ပြန်ရောက်ခြင်းပါပဲ။ အခမ်းအနားမစခင် ညနေခင်းမှာ အဖေနဲ့ကျနော် ကမ်းနားဘက် လမ်းလျှောက်ရင်း ဟိုးခပ်လှန်းလှန်းမှာ မြင်နေရတဲ့ မီးပြတိုက်ကို ကြည့်ရင်း အဖေကကျွန်တော့်ကို ပြောပါတယ်။


“ သား … ပင်လယ်ပြင်သွားရင် မျက်စိနဲ့ မြင်နိုင်တဲ့ “ လှိုင်း နဲ့ ဒီရေ ” ရဲ့ သဘောသဘာဝကို သိဖို့လိုသလို မျက်စိနဲ့မမြင်နိုင်တဲ့ ကိုးကွယ်ယုံကြည်မှုအပိုင်းတွေကိုလည်း မလေးမစား မလုပ်မိစေနဲ့” တဲ့။