ဖုံးကွယ် ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း အပြည့်အစုံ

2020-02-13 12:15:03


ဖုံးကွယ် ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း အပြည့်အစုံ

ဖုံးကွယ် ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း အပြည့်အစုံ


၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင်မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။


ရဲဘော်တို့


ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။


ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော်ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်းဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။


ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး၊တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။


တကယ့်သစ္စာဖြစ်ရမယ်


ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ နိုင်ငံနှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုးသစ္စာကို အမြဲ စောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာ မဟုတ်။ အဲဒီလို စောင့်တဲ့ သစ္စာဟာ ဝတ်ကျေ တမ်းကျေစောင့်တဲ့သစ္စာ ဖြစ်တယ်။ အခု ငါတို့ ဟာ ငါတို့အမျိုး၊ ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာ ဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့သစ္စာ မဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ။


ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီကိုယ်စား နိုင်ငံနဲ့အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာစကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့အမျိုးကို သစ္စာမဲ့ပြီးလုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ရဲ့အပေါ်မှာလည်း တည်တယ်။


ဥပမာ“မတရားတဲ့ အကြီးအမှူးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှင့် အများအကျိုးနဲ့ မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့် စိတ်ထဲမှာမရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှူးတစ်ယောက်ကိုဖြစ်ဖြစ် အခြား အကြီးအမှူး တစ်ယောက်ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။


တော်အောင်ကြိုးစားကြပါ


ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော် တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော်အမြင်ရှိ တယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကိုထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။


ရာထူးအဆင့်အတန်း


ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့ထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာ ခံဖူးတဲ့လူတွေ ရှိတယ်။

ငါတို့သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလိုအနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတက်မှာအမှန်ပဲ။ ကနေ့ဆိုင်ရာ လူကြီး တွေ မသိသေးလို့ မတိုးတက်သေးရင် နောက်တစ်နေ့ တိုးတက်မှာပဲ။ တကယ်တော်တဲ့ သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ်္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာ မလိုဘူး။


ဒါပေမဲ့ နီပွန်က ပြန်လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဘူးလို့ဆို ပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတက်မှာ မဟုတ်ဖူး။ ဒီ့ပြင်လူတွေအတွက် ကျုပ် မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခု နေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို သိဖို့ ပြောပြခြင်းပဲ။


တန်ခိုးပြဖို့မဟုတ်


တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာအားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။


အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကိုမတရားရင်မကြောက်။ အားကြီးတဲ့အခါ လည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုး ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အား လုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရား အစစ်ကို ပြောပြချင်တယ်။


မှန်ကန်သော လူမျိုးရေးတရား


လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့် အမျိုးသာချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရား ပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီ့ပြင် လူမျိုးကို လည်းမုန်းဖို့မလိုဘူး။ သို့သော်လည်း ကိုယ့် အမျိုး အကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နင်း တာ မဟုတ်ဘူး။ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာတွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။


ဒါပေမဲ့ တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တု့ိဟာ မဆိုင်တဲ့ တခြားလူမျိုးတွေကို မုန်းဖို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူ မျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။


ဇာတိမာန် ကောင်းကောင်းထားတတ် အောင်လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုချစ်ပါ။ ဗမာတွေက လူဖျင်းတွေ၊ လူပျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး မှာချင်တာပဲ။


လူကြီးဆိုတာဘာလဲ


နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ရင်မြေက တုတ်လုပ် ပြီး ကာကွယ်ဖို့ ပဲ။ ဒီထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရမယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင် တိုင်းထွာနိုင်ရမယ်။ အခု ငါတို့အချို့ အလုပ်တွေက သက်သေပြနေတယ်။ ဘေး ကလူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင် ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္ထရားနဲ့မဆိုင်တဲ့အကျယ် အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ ရှောင်ရမယ်။


ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့ … ဘာကြီးရဲ့…နဲ့လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့ တော့မဆိုင်ဘူး။ ဒါပေမဲ့ ကောင်းတဲ့ကိစ္စ တရားတဲ့ကိစ္စ လူအများကျေးဇူးတင်မယ့် ကိစ်္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှုပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုး ကိစ္စ မိတ်ဆွေကိစ်္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့။


ဘယ်တော့မှသစ္စာမဖောက်


နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦးတည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှသာ တိုးတတ်မှု ဖြစ်နိုင်တယ်ဆိုတာ ရာဇဝင်သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင် ဥဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓားထစ် မယူပါနဲ့။အထင်မကြီး ပါနဲ့။


ဒီထက်တိုးအောင် လုပ်ကြပါ။ အခု ငါတု့ိနိုင်ငံဟာလွတ်လပ်တယ်ဆိုပေမယ့် ဟန်မကျတာတွေ အများ ကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ ရှိတာပဲ။ ကိုယ့် ချွတ်ယွင်းချက်ကို ကိုယ်ပြင် ကြရမယ်။ သို့ပေ မယ့် ကျုပ် ရဲဘော်တို့ကို ကတိ တစ်ခုပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှမဖောက်။ ရဲဘော်တို့ ထဲကဖြစ်ဖြစ် ဒီ့ပြင်ထဲကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ် ဖယ် ပေးဖို့ အသင့်ပဲ။


စစ်သားမှစစ်သားဆိုတဲ့စိတ်ကို ဖျောက်ကြ


နောက်ဆုံးတစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သား မှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရား နှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ် ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။ ကနေ့ ဒီမှာပြော တာတွေကို အားလုံး စစ်သားတွေသိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။


Credit – hlataw