မကြာခင်ရက်ပိုင်းအတွင်းမှာ ပရိသတ်တွေနဲ့ ခွဲခွာသွားတော့မယ့် “Crash Landing On You”

2020-02-13 12:06:55


မကြာခင်ရက်ပိုင်းအတွင်းမှာ ပရိသတ်တွေနဲ့ ခွဲခွာသွားတော့မယ့် “Crash Landing On You”

မကြာခင်ရက်ပိုင်းအတွင်းမှာ ပရိသတ်တွေနဲ့ ခွဲခွာသွားတော့မယ့် “Crash Landing On You”


လက်ရှိကိုရီးယားဒရမ်မာကြိုက် ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အများဆုံးရရှိထားတဲ့ ဇာတ်လမ်းတွဲကတော့ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ “Crash Landing On You” ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့ ၂ ယောက်က အတူတွဲဖက်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။


အဆိုပါဇာတ်လမ်းတွဲဟာ လက်ရှိမှာဆိုရင်ပဉ္စမမြောက်ကြည့်ရှုသူအများဆုံးသော တီဗွီရုပ်သံဇာတ်လမ်းတွဲအဖြစ် သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့တစ်ပတ်က ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်းဟာဆိုရင်လည်း ကြည့်ရှုနှုန်းမြင့်တက်လျှက်ရှိပါတယ်။


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေစတင်ပြီး တစ်ပတ်ကို နှစ်ပိုင်းနှုန်းနဲ့ပြသလာခဲ့တဲ့ ဒီဇာတ်လမ်းတွဲကို အပိုင်းပေါင်း ၁၆ ပိုင်းပြသသွားမှာဖြစ်ကာ အခုဆိုရင်တော့ အပိုင်း ၁၄ အထိ ထုတ်လွှင့်ပြသလို့ပြီးသွားခဲ့ပြီ ဖြစ်ပါတယ်။


ဒါကြောင့် အခုလာမယ့်တစ်ပတ်မှာ ထုတ်လွှင့်ပြသမယ့် အပိုင်းသစ် ၂ ပိုင်းဟာ ဒီဇာတ်လမ်းတွဲကို အပတ်တိုင်းလိုလို ကြည့်ရှုအားပေးကြတဲ့ ပရိသတ်တွေအနေနဲ့ သူတို့ကြိုက်နှစ်တဲ့ ဇာတ်ကောင်တွေကို နှုတ်ဆက်ရမယ့်အပိုင်းတွေဆိုရင်လည်း မမှားပါဘူး။


ဒီဇာတ်လမ်းတွဲဟာ ထုတ်လွှင့်ပြသတဲ့အချိန်အတွင်းမှာ လူကြိုက်များစိတ်ဝင်စားမှုတွေ အများအပြားရရှိခဲ့သလို ဝေဖန်တိုက်ခိုက်မှုတွေလည်းရရှိခဲ့ကာ ဇာတ်လမ်းပုံစံက တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရမှုတွေလည်းရှိခဲ့ပါတယ်။ ဒီလိုမျိုးစွပ်စွဲဝေဖန်မှုတွေကြောင့် ဇာတ်ကားကို ဆက်လက်ထုတ်လွှင့်ပြသမှာမဟုတ်ဘူးဆိုတဲ့ ကောလဟာလတွေလည်း ထွက်ရှိခဲ့ဖူးပါတယ်။


ဒါပေမယ့်လည်း ဒီကောလဟာလသတင်းတွေ မှားယွင်းကြောင်းကိုတော့ အခုဆိုပရိသတ်တွေကိုယ်တိုင် မျက်မြင်ပဲဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ထုတ်လွှင့်ပြသသွားမယ်အပိုင်းတွေမှာ ပရိသတ်တွေမျှော်လင့်ထားတဲ့ ဇာတ်သိမ်းမျိုးကို ကြည့်ခွင့်ရမလား၊ ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ ဇာတ်သိမ်းမျိုးနဲ့ပဲ နှစ်သိမ့်ရမလားဆိုတာကတော့ စိတ်လှုပ်ရှားစရာပါပဲ။


ဒီဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး ပရိသတ်ကြီးတို့ ဖြစ်စေချင်၊ ကြည့်ချင်ကြတဲ့ ဇာတ်သိမ်းက ဘယ်လိုမျိုးဇာတ်သိမ်းလဲဆိုတာကို ဝေမျှပေးခဲ့ကြပါဦးနော်။