အောင်လ အန်ဆန် ချန်ပီယံကာကွယ်ပွဲ အဖြစ် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါနှ င့် ထိုးသတ် ရမည်

2020-02-10 14:10:46


အောင်လ အန်ဆန် ချန်ပီယံကာကွယ်ပွဲ အဖြစ် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါနှ င့် ထိုးသတ် ရမည်

အောင်လ အန်ဆန် ချန်ပီယံကာကွယ်ပွဲ အဖြစ် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါနှ င့် ထိုးသတ် ရမည်


ONE မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ထိုးသတ်ရမည်ဖြစ်သည်။ ONE Championship သည် ကျင်းပမည့် နေရာနှင့် ရက်ကိုမူ ပြန်လည်ထုတ်ပြန် မည်ဖြစ်သည်။


အောင်လအန်ဆန်သည် ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရယူနိုင်ခဲ့ပြီး နှစ်နှစ်ကျော် ကာလအတွင်း ချန်ပီယံကာကွယ်ပွဲ (၃)ပွဲ ထိုးသတ် ထားကာ ယခုပွဲမှာ (၄)ပွဲမြောက် ချန်ပီယံဆု ကာကွယ်ပွဲလည်းဖြစ်သည်။


အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ၊ ၂၀၁၉ ခုနှစ်တွင် ချန်ပီယံကာကွယ်ပွဲတစ်ပွဲ ထိုးသတ်ခဲ့သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲများအဖြစ် ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နောက်ဆုံး အချီတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် လက်ဘနွန်နိုင်ငံသား ကရာကီကို ပထမအချီတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို ဒုတိယ အချီတွင်လည်းကောင်း သုံးပွဲစလုံး အလဲထိုးများဖြင့် အနိုင်ရခဲ့သည်။


အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတစ်ပွဲနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တစ်ပွဲ ထိုးသတ်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်က နောက်ဆုံးထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူ ဖိလစ်ပိုင် နိုင်ငံသား ဘရန်ဒန်ဗီရာကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် ONE ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ပြီး လက်ရှိ အချိန်တွင် အမေရိကန်နိုင်ငံတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။


ONE Championship သည် ဖေဖော်ဝါရီ ၇ ရက် က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါက ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အနိုင်ရခဲ့သောကြောင့် အောင်လ အန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။


မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့် ရခဲ့သည့် ဒီရစ်ဒါသည် MMA ကစားသမားဘဝ ၁၁ ပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ ဒီရစ်ဒါသည် ONE Championship နှင့် သုံးပွဲ ထိုးသတ်ထားပြီး သုံးပွဲစလုံး အနိုင်ရထားကာ လေးပွဲမြောက်တွင် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့် ရခဲ့ခြင်းဖြစ်သည်။