အိမ်နီးချင်း နိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်း လုပ်မှာမဟုတ်ဘူးလို့ စိနသမ္မတ ပြော


အိမ်နီးချင်း နိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်း လုပ်မှာမဟုတ်ဘူးလို့ စိနသမ္မတ ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာ အိမ်နီးချင်းနိုင်ငံငယ်တွေကို နိုင့်ထက်စီးနင်းလုပ်မှာ မဟုတ်ကြောင်း ဒီကနေ့ နို၀င်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးမှာ ပြောကြားတယ်လို့ သိရပါတယ်။


အဲ့ဒီအစည်းအဝေးကို ဒီကနေ့ နို၀င်ဘာ ၂၂ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပပြီး သမ္မတရှီက အာဆီယံ-တရုတ် ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားရင်း ပြောခဲ့တာဖြစ်ပါတယ်။


သမ္မတရှီဟာ တရုတ်အစိုးရအနေနဲ့ အင်အားကြီးမားတာကို အခွင့်ကောင်းယူပြီး အိမ်နီးချင်းနိုင်ငံငယ်တွေကို အနိုင်ကျင့်ပြီး ခြယ်လှယ်တာမျိုး မလုပ်ကြောင်းနဲ့ ကြား၀င်မစွက်ဖက်ရေးကိုသာ လက်ကိုင်ထားမှာ ဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။


ဆက်လက်ပြီး သမ္မတရှီက အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးဟာ အဖွဲ့၀င်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အကူအညီပေးသွားမယ်လို့ပြောကြားပါတယ်။


အဲ့ဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဘူးလို့သိရပြီး မြန်မာနိုင်ငံက ကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။