အဖိုးဖြစ်သူကိုသတ်ပြီး အဖွားနှင့်မြေးကို အဓမ္မပြုကျင့်ကာ ရွှေထည်များလုသူသွားသူ ၃ ဦးဘိုကလေးမြို့နယ်တွင် ဖမ်းမိ


အဖိုးဖြစ်သူကိုသတ်ပြီး အဖွားနှင့်မြေးကို အဓမ္မပြုကျင့်ကာ ရွှေထည်များလုသူသွားသူ ၃ ဦးဘိုကလေးမြို့နယ်တွင် ဖမ်းမိ

ဘိုကလေး၊ ဇွန် ၁၁(PeopleMedia)ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် အဖိုးဖြစ်သူကို သတ်ဖြတ်ပြီး အဖွားနှင့်မြေးကို အဓမ္မပြုကျင်ကာ ရွှေထည်ပစ္စည်းများ လုယက်သွားသူ ၃ ဦးကို ဇွန်လ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်၊ဟေမာန်ညီနောင်အုပ်စု၊ ညီနောင်ကျေးရွာတွင် ဇွန်လ ၇ ရက်က အဖိုးဖြစ်သူ အမျိုးသားကြီးတစ်ဦးကို သတ်ပြီး ၆၅ နှစ်အရွယ်အမျိုးသမီးကြီး တစ်ဦးနှင့် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို အဓမ္မကျင့်ကာ ရွှေထည်ပစ္စည်းများ လုယူသွားခဲ့ခြင်းဖြစ်သည်။


ထိုသို့ လူသတ်၊ လုယက်၊ မုဒိမ်းမှုကျူးလွန်ခံရသည့် မြေးအဖိုး သုံးဦး နေထိုင်သည့်နေအိမ်ကို ကျော်ဇောနိုင်(ခ) ကျော်ကြီး၊ မင်းထက်နိုင်(ခ)ကျားပေါက်နှင့် ဆန်းလွင်ဦး(ခ)ကုလားတို့ ၃ ဦးမှရောက်ရှိလာပြီး အဖိုးဖြစ်သူကို သတ်ပြီး အဖွားဖြစ်သူနှင့် မြေးဖြစ်သူ အမျိုးသမီးတို့ကို သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် နေအိမ်ရှိ တန်ဖိုးငွေ ကျပ်သိန်း ၆၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ယူ‌ဆောင်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားရာ ကုလား(ခ)ဆန်းလွင်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ 


ဖြစ်စဉ်တွင်ပါသူ ကျော်ဇောနိုင်(ခ)ကျော်ကြီးနှင့် မင်းထက်နိုင်(ခ)ကျားပေါက်တို့ကို ဇွန် ၁၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘိုကလေးမြို့ နယ်ကမကလူနယ်မြေရဲစခန်းမှ (ပ)၁၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၀၂/၃၇၆/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားသည်။


Crd.သူရ