အာသီးရောင်၊ သွားဖုံးရောင်၊ အပူကန်နေသူများအတွက် သတိပြုဖွယ်

2020-02-02 19:46:54


အာသီးရောင်၊ သွားဖုံးရောင်၊ အပူကန်နေသူများအတွက် သတိပြုဖွယ်

အာသီးရောင်၊ သွားဖုံးရောင်၊ အပူကန်နေသူများအတွက် သတိပြုဖွယ်


ကျွန်တော်တွေ့ဖူးတဲ့ လူတော်တော်များများက ပါးစပ်ထဲမှာ ဘာပဲဖြစ်ဖြစ် အပူကန်တယ်ပြောလိုက်တာပဲ ။


အနာဖြစ်လည်း အပူကန်တယ် ၊ သွားဖုံးရောင်လည်း အပူကန်တယ် ၊ ပြည်ဖုတွေတွေ့လည်း အပူကန်တယ် ၊ အံဆုံးပေါက်လို့ သွားနာလည်း အပူကန်တယ် ၊သွားကြောင့် မျက်နှာကြီးတခြမ်းရောင်လာရင်တောင် အပူကန်နေတုန်းပဲ ။


အပူကန်တယ်ဆိုတာ ခန္ဓာကိုယ်ထဲက အပူဓာတ်တွေများနေလို့ ခန္ဓာကိုယ်အပြင်ဘက်ကို အနာတွေ အဖုတွေအဖြစ် ကန်ထွက်လာတဲ့ သဘောလို့ ယူဆကြပုံရပါတယ် ။ ဒါကြောင့် အပူကန်ရင် ကုသနည်းတွေအနေနဲ့ ဝမ်းနူတ်တာ ၊ မနက်စောစောရေထချိုးတာ ၊ အပြင်ကနေ အပူဆေးတစ်မျိုးမျိုးလိမ်းတာမျိုးတွေ လုပ်ကြပါတယ် ။


ဒီလိုလုပ်တာတွေက မှန်ကန်တဲ့ နည်းလမ်းတွေလားဆိုတာ အဲ့ဒီအကြောင်းတွေကို လက်တွေ့ကျကျချဉ်းကပ်ကြည့်ရအောင်လားဗျ ။


ပါးစပ်ထဲကပြည်ဖုများ


ပါးစပ်ထဲမှာ ပြည်တည်ရင် အခြေအနေ (၂) မျိုးဖြစ်နိုင်ပါတယ် ။


ပထမအခြေအနေက သွားဖုံးအပေါ်အယံမှာပဲ ပြည်တည်တာ ။ ဖြစ်တဲ့အကြောင်းကတော့ ခံတွင်းသန့်ရှင်းရေးမကောင်းလို့ ဖြစ်တာများပါတယ် ။


သွားနှစ်ချောင်းကြားမှာ အမြဲတမ်းအစာညှပ်သူတွေ၊ သွားကြားထိုးတံအသုံးပြုသူတွေ ၊ သွားသေသေချာချာမတိုက်သူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ် ။


ဆိုးကျိုးအနေနဲ့ သွားဖုံးမှာပြည်တည်တာကြောင့်် ဘေးသွား အမြစ်ပတ်ပတ်လည်ရောင်ရမ်းနေတတ်ပြီး သွားဟာ တဖြည်းဖြည်းနဲ့လာပြီး နောက်ဆုံးကျွတ်ထွက်သွားနိုင်ပါတယ် ။


ဒုတိယအခြေအနေကျတော့ သွားအမြစ်ထိပ် မေးရိုးထဲမှာ ပြည်တည်တာပါ ။ ဒါကတော့ သွားပိုးစားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အများဆုံးတြွေရတတ်ပါတယ် ။


အရိုးထဲမှာ အနာဖြစ်နေတာမို့ိ မကုသပဲ ဒီအတိုင်းထားပါက သွားဖုံးအပေါ်က ပြည်ဖုအပြင် မျက်နှာတွေပါ ရောင်လာနိုင်ပါတယ် ။ လည်ပင်းကြောတွေလည်း ရောင်လာနိုင်ပါတယ် ။နောက်ဆုံး သွားလည်း ကျွတ်ထွက်သွားနိုင်ပါတယ် ။


ကိုယ်ခံအားမကောင်းတဲ့ လူတွေ ဥပမာ – ကလေးများ နှင့် သက်ကြီးရွယ်အိုတွေ မှာဆိုရင် ကိုယ်ပူတာ၊ နေမကောင်းတာအထိ ဖြစ်နိုင်ပြီး ပြင်းထန်ပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ် ။


ဒါကြောင့် ပါးစပ်ထဲမှာ ပြည်ဖုတွေရှိတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး ။ ပြည်ဖုတွေဟာ အပူကန်တာ မဟုတ်ပါဘူး ။


မျက်နှာတခြမ်းရောင်ရမ်းခြင်း


ဒီအခြေအနေကိုတော့ ပါးချိတ်ရောင်တယ်ဆိုပြီး သိကြမှာ ဖြစ်ပါတယ် ။သွားပိုးစားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ တွေ့ရတတ်သလို အံဆုံးပေါက်တဲ့အချိန် သန့်ရှင်းရေးညံ့တဲ့အခါလည်း ဒီအခြေအနေကို တွေ့ရတတ်ပါတယ် ။


မျက်နှာရောင်လာပြီဆိုရင် မျက်နှာကို မည်သည့်ဆေးမှ မလိမ်းဖို့ အကြံပြုပါရစေ ။အပူဆေးတွေလိမ်းမိလို့ ပါးကနေဖြစ်စေ လည်ပင်းကနေဖြစ်စေ အပေါက်တြွေဖစ်သွားတဲ့အခါ ကုသရတာ ခက်သလို ကြာလည်းကြာတယ် ။


ဒီအခြေအနေဟာ ဆေးခန်းမပြရင် အန္တာရယ်ရှိတဲ့ အနေအထားလို့ ပြောရမယ် ။ ပိုးဝင်တဲ့ အခြေအနေကြောင့် နာကျင်တာ ဖျားတာမျိုးတြွေဖစ်လာရင် မဖြစ်မနေကို ဆေးခန်းပြရပါမယ်ခင်ဗျ ။ဒါလည်း အပူကန်တာမဟုတ်ပါဘူး ။


သွားဖုံးရောင်ခြင်း


သွားဖုံံးရောင်ရတဲ့ အဓိကအကြောင်းအရင်းဟာ သွားချေးကြောင့်ဖြစ်ပါတယ် ။ပါးစပ်ထဲမှာ သွားချေးမရှိရင် သွားဖုံးတွေ ရောင်မှာမဟုတ်ပါဘူး ။


ဒါကြောင့် အဓိက တရားခံဖြစ်တဲ့ သွားချေးမရှိအောင် ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ် ။သွားဖုံးရောင်တဲ့အခါ သွားဖုံးတွေဟာ နီရဲကြွတက်နေပြီး ထိလိုက်တာနဲ့ သွေးတွေထွက်နေမှာပါ ။


အိမ်မှာ ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပေမယ့် သွားဖုံးရောင်တာက မသက်သာဘူးဆိုရင် သွားနှင့်ခံတွင်းဆေးခန်းကိုသွားပြီး Scaling လို့ခေါ်တဲ့ သွားသန့်ရှင်းရေး လုပ်သင့်ပါတယ် ။


ဆရာဝန်က သွားအခြေအနေတွေကို စစ်ဆေးပေးပြီး သွားဖုံးရောင်သက်သာဖို့ အကြံပြုဆွေးနွေးတာတွေ လုပ်ပေးပါလိမ့်မယ် ။


သွားဖုံးရောင်တဲ့အခါ မနက်ရေထထချိုးနေတာတွေ ၊ ခြေမကို ရေလောင်းနေတာတွေက အဆင်ပြေစေမယ့် နည်းလမ်းမဟုတ်ပါဘူး ။သွားဖုံးရောင်တာဟာလည်း အပူကန်တာ မဟုတ်ပါဘူး ။


ပါးစပ်ထဲကအနာပေါက်စလေးများ


အနာသေးသေးလေးတွေ ပေါက်လာရင် အစားစားတဲ့အခါ တအားကို ကသိကအောက်နိုင်ပါတယ် ။


ဒီအနာလေးတွေ ဖြစ်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးဖြစ်နိုင်တယ် ။


ဒီလိုအနာသေးသေးလေးတွေဟာ အရမ်းအလုပ်များတဲ့အချိန် စိတ်ဖိစီးတဲ့အချိန်တွေမှာ တစ်ခုပြီး တစ်ခုထွက်လာတတ်ကြပါတယ် ။


ဆောင်းတွင်းမှာဆို အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေ အပူအစပ်တွေကို စားမိတဲ့အခါလည်း ဖြစ်တတ်ပါတယ် ။ Zinc ၊ သံဓာတ် ၊ B12 နဲ့ ဖောလစ်အက်စစ်တွေ ခန္ဓာကိုယ်မှာ ချို့တဲ့ရင်လည်း ဒီအနာလေးတွေ ဖြစ်နိုင်ပါတယ် ။


အမျိုးသမီးကတွေဆို ရာသီလာတဲ့အချိန်မှာ ဒီလိုအနာလေးတွေ တွေ့ရတတ်တယ် ။


တချို့လူတွေမှာတော့ ကိုယ်တိုင် ကိုက်မိတာလည်း ဖြစ်နိုင်သလို ပါးစပ်ထဲမှာ သွားပိုးစားတဲ့ အစအနတွေ အံကပ်တွေကနေ ထိခိုက်ရှနာဖြစ်တာလည်း ဖြစ်နိင်ပါတယ် ။


ဒီအနာလေးတွေက အချိန်တစ်ပတ်ခန့် အနည်းဆုံးကြာတတ်ပြီး နေရလည်းခက်ပါတယ် ။မြန်မြန်သက်သာပျောက်ကင်းချင်တယ်ဆိုရင်တော့ ပလုတ်ကျင်းဆေးရည်ကို တစ်နေ့နှစ်ကြိမ်ခန့် အသုံးပြုပေးပါ ။


ရေနွေးဆားနဲ့လည်း ပလုတ်ကျင်းနိုင်တယ်ဆိုပေမယ့် ဆားရည်နဲ့ အနာပေါက်စလေးတွေနဲ့ တွေ့တဲ့အခါတော့ စပ်ဖျင်းဖျင်းနဲ့ ကသီကလင်နိုင်လှပါတယ် ။


အနာတွေ သေးသေးလေးဆိုရင် စိုးရိမ်စရာမလိုပါဘူး ခံတွင်းကို သေသေချာချာသန့်ရှင်ရင် လုံလောက်ပါတယ် ။


အနာတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ထွက်တာတို့၊ အနာက အကြီးကြီးနဲ့ မပျောက်နိုင်ဖြစ်နေရင်တော့ အမြန်ဆုံး ဆေးခန်းပြရမယ်ဗျ ။ဒါလေးကလည်း အပူကန်တာမဟုတ်ဘူးနော် ။


အာခေါင်လေးတွေစပ်ဖျင်းဖျင်းဖြစ်ခြင်း


အာခေါင်လေးတွေဟာ စပ်ဖျင်းဖျင်းဖြစ်ပြီး ချွဲတွေ သလိပ်တွေစထွက်နေရင်တော့ နေမကောင်းဖြစ်နိုင်တာမို့ နွေးနွေးထွေးထွေးနေပေးပါ ။


အာခေါင်စပ်ဖျင်းဖျင်းနေတာ သက်သာစေဖို့ သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ပေးပါ ။ ပလုတ်ကျင်းဆေးရည်ကို အစာစားပြီးတိုင်း တစ်မိနစ်ခန့် ငုံပေးပါ ။


Throat Spray လေးတွေ ဖြန်းလည်းရပါတယ် ။နည်းနည်းစပ်နေတုန်းပဲဆိုရင် Lozenges လေးတွေ ငုံပေးနော် ။ဒါကတော့ ရာသီဥတုကြောင့်် အအေးမိတာမျိုးဖြစ်နိုင်ပြီး အပူကန်တာမျိုးမဟုတ်ဘူးနော် ။


ဒါကြောင့် ကိုယ့်ရဲ့ပါးစပ်ထဲမှာ တစ်ခုခုပြောင်းလဲတိုင်း အပူကန်တာ မဟုတ်ပါဘူး ။


ပါးစပ်ထဲမှာ တစ်ခုခုပြောင်းလဲတာကို သတိထားမိတိုင်း အဲ့ဒီနေရာကို သန့်ရှင်းရေးအထူးဂရုစိုက်ပေးတာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ ။


ပြီးရင် အချိန်ပေးပြီး ဆေးခန်းပြပေးပါခင်ဗျာ ။အပူကန်တဲ့အကြောင်းကိုလည်း ဒီမှာ ခဏရပ်ကြမယ် ။


ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။


ဒေါက်တာ မျိုးမြင့်အောင်


YourMYOE