အမျိုးသမီးတစ်ဦး သောက်စားမူးယစ်ကာ အိမ်မီးရှို့သဖြင့် ဘေးအိမ်အချို့ပါ ကူးစက်မီးလောင်

2019-08-10 20:17:50


အမျိုးသမီးတစ်ဦး သောက်စားမူးယစ်ကာ အိမ်မီးရှို့သဖြင့် ဘေးအိမ်အချို့ပါ ကူးစက်မီးလောင်

မန္တလေးမြို့တွင် အသက်(၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး အရက်သေစာ သောက်စားမူးယစ်ကာ အိပ်ခန်းအတွင်း မီးရှို့ရာမှ နေအိမ်ငါးလုံး မီးကူးစက်လောင်ကျွမ်းမူ ယနေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှ သတင်းရှိသည်။


ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ (၃၃)လမ်းနှင့် (၃၄)လမ်းကြား၊ (၆၂)လမ်းနှင့် (၆၃)လမ်းကြား လေးခေါင်းရပ် အကွက်အမှတ်(၈၁၉)တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ယနေ့ (သြဂုတ်၁၀) နံနက် တစ်နာရီဝန်းကျင်က အရက်သေစာ သောက်စား၍ အိပ်ခန်းအတွင်း မီးရှို့ခဲ့ရာမှ နေအိမ်(၅)လုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။




အဆိုပါ မီးလောင်မူကြောင့် ဆိုင်ကယ်သုံးစီးနှင့် နေအိမ်အတွင်းပစ္စည်းများ အပါအဝင် ထရံကာနှစ်ထပ်အိမ် နှစ်လုံး၊ နံကပ်နှစ်ထပ်အိမ်တစ်လုံး၊ နံကပ်နှစ်ထပ်အိမ်တစ်လုံး အပေါ်ထပ်နှင့် ထရံကာနှစ်ထပ်အိမ်တစ်လုံး အပေါ်ထပ်တို့ မီးလောင်ပျက်စီးခဲ့ကာ ဆုံးရှုံးမူတန်ဘိုး ကျပ်(၂၇)သိန်း ရှိသည်ဟု မီးသတ်ဌာနက ဆိုသည်။


၎င်း မီးလောင်မူဖြစ်စဉ်အား level 2 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ် အစီး(၃၀)ကျော်၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ရာဝန်းကျင်ဖြင့် ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။




အရက်သေစာ သောက်စားကာ နေအိမ်မီးရှို့ခဲ့သည့် အသက်(၂၉)နှစ်အရွယ် အမျိုးသမီးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၄၃၆ (မီး သို့မဟုတ် ပေါက်ကွဲစေသော အရာဖြင့် အကျိုးဖျက်ဆီးမူ) ဖြင့် အမူဖွင့်ထားသည်။


ဓါတ်ပုံ – အမ်တီ။


Mandalay Indepth News


လေးစားစွာဖြင့် ခရက်ဒစ်