“ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ် ဖြစ်ပေါ်လာပုံ”

2020-01-16 17:49:11


“ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ် ဖြစ်ပေါ်လာပုံ”

“ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ် ဖြစ်ပေါ်လာပုံ”


ရှေးစကားတစ်​ခုကား…


ပတ္တမြားရုပ်ရှင်တော်မြတ်ကို ဖူးတွေ့ဆုတောင်းရင် ဆုတောင်းတိုင်း ပြည့်စုံတယ်။ ဒါကြောင့် မင်းညီမင်းသား တို့အား ရှေးယခင်က ဖူးခွင့် မပေးခဲ့ပေ။ လူတို့မည်သည် မိမိတို့ ဖြစ်ခွင့်ရှိတယ့်လမ်းကြောင်းကို ဆုတောင်းတတ်သည့်အားလျော်စွာ မင်းညီမင်းသားတို့မည်သည် လက်ရှိတိုင်းပြည်၏ ဘုရင်အဖြစ် ဆုတောင်းနိုင်တယ်။ ဒီအခါမှာ ဆုတောင်းပြည့်စေသော် သူတို့ ဘုရင်အသီးသီးဖြစ်ဖို့ တိုင်းပြည်အစိတ်စိတ်ကွဲနိုင်တယ်။ စစ်မက်ထူပြောဖို့ ဖြစ်လာနိုင်တယ် ဆိုပြီး စိုးရိမ်စရာဟု သတ်မှတ်ပါတယ်။ ဒါကြောင့် ပတ္တမြားရုပ်ရှင်တော်မြတ်ကို မင်းညီမင်းသားတွေအား ရှေးယခင်က ဖူးခွင့်မပေးခဲ့ပေ။ …… ဤသို့ … အမျိုးမျိုး ပေါရာဏပူဇေယျအဖြစ် ပြောဆိုကြပါတယ်။


အမွန္​ကား…


နယ်ချဲ့အင်္ဂလိပ်တို့ဟာ မြန်မာပြည်အောက်ပိုင်းကို မသိမ်းခင် ဝင်ထွက်ကြစဉ်ကတည်းက ရွှေတိဂုံစေတီကြီး၏ အပြင်ပန်း ရွှေအစစ်ပူဇော်ထားမှု နဲ့ အတွင်းမှာဌာပနာလောက်မယ့် ရတနာများအား မျှော်မှန်းလောဘတက်ခဲ့ကြတယ်။ ကျူ းကျော်စစ်ဆင်နွှဲပြီး ဒဂုံမြို့အား သိမ်းပိုက်ပြီးသည်မှ စတင်ကာ ရွှေတိဂုံစေတီတော်အား စတင် ဖျက်ဆီးခဲ့ကြလေသည်။


ကြေးသွန်း ခေါင်းလောင်းများနှင့် ကြေးသွန်း ဆင်းတုတော်များအား အမြောက် ကျည်ဆံ စသည့် (လက်နက်)များ သွန်းလုပ်ဖို့ ဆိုကာ အင်္ဂလိပ်တို့က ဖြုတ်ချခဲ့ကြတယ်။ ခဲယမ်းသိုလှောင်ဖို့ အကြောင်းပြကာ ရွှေတိဂုံစေတီတော်အတွင်းထိ လှိုဏ်ဖောက်ခဲ့ကြတယ်။ {ထိုပြဿနာကို (ဘေ-ပု-ရှိန် မှ) ဦးဘဘေ နောင်အခါ ဂေါပကအဖွွဲ့ဝင်ဖြစ်လာသော ကာလမှာ ဦးဆောင်ပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။}


ဆက်လက်ပြီးလည်း အင်္ဂလိပ် စစ်ဗိုလ်ချုပ် ကင်းဘဲလ် ကိုယ်တိုင်ပင် ဦးဆောင်ကာ စေတီတော်မြောက်ဘက် အောက်ပစ္စယာ (သွေးဆေးကန်ဘက်) မှ လှိုဏ်တစ်ခု ဖောက်ခဲ့ကြပြီး ဌာပနာများ ရယုဖို့ကြိုးစားခဲ့ကြပါတယ်။




နောက်တစ်လှိုဏ်က စေတီတော်၏ အထက်ပစ္စယံ (ဗဟန်း)အရှေ့ မုခ် တည့်တည့်မှပါ။ (တစ်နည်းအားဖြင့်) ခု လက်ရှိ ပတ္တမြားရုပ်ရှင်တော်မြတ် သီတင်းသုံးရာ နောက်ကျောတည့်တည့် ပါ။ အင်္ဂလိပ် ဘုရင့် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး ဖရေဇာ ဦးဆောင်ကာ ဖောက်ခဲ့ခြင်းပါ။ အလျား လေးတောင်၊ အနံ သုံးတောင်ရှိ တွင်းကြီးသည် ခြောက်ဆယ့်ခြောက်တောင် အနက်ရှိသော လှိုင်ခေါင်းကြီး ဖြစ်နေပြီး အတွင်းရှိ ကျောက်စေတီသို့ပင် ရောက်သည်ဟု သိရသည်။


ထိုနေရာကို ဖောက်ထားပြီး ဒီအတိုင်း အခေါင်းပေါက် တည်ရှိနေခဲ့ပါတယ်။ ခဲယမ်းသိုလှောင်မှုလည်း ကာလတစ်ခု ပြုလုပ်ခဲ့ကြတယ်။ နောင်တစ်ချိန် ရွှေတိဂုံကုန်းတော်မှာ အင်္ဂလိပ်စစ်တပ်မချဖို့ လက်နက်တိုက် မထားဖို့ သဘောတူညီချက် ရရှိအောင် ဦးဘဘေတို့ ကြိုးစားမှု အောင်မြင်ခဲ့ပါတယ်။ တစ်ပါတည်း နောင်အခါမှာ မြန်မာတို့ရဲ့ ဂေါပကမှ သဘောတူမှုပါရမယ် ဆိုတယ့် ဆုံးဖြတ်ခွင့်တွေပါ ရရှိခဲ့ပါတယ်။


ထိုအခါမှာ (လက်နက်ခဲယမ်းသိုလှောင်ခဲ့တယ့်) ဌာပနာဖောက် လှိုဏ်တွင်းတွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်တို့က ပိတ်ပေးဖို့ ပြောလာခဲ့တယ်။ ဂေါပကအဖွဲ့က ဒီအတိုင်းပဲ ထားလိုတယ်။ နယ်ချဲ့ ဘာသာမတူသူတွေ လက်အောက်ရောက်ရင် ဖြစ်တတ်ပုံကို ဆက်လက်ပြထားချင်ကြတယ်။ အင်္ဂလိပ်တို့ကလည်း လက်နက်တိုက်မရှိတော့တာဆိုပြီး (အဓိကဖြစ်တယ့် သူတို့ရဲ့ ဖောက်ပြန်ကျူ းလွန်မှုတွေကို ပြန်ဖုံးချင်တော့) ပိတ်ပေးဖို့ ဘုရင်ခံကိုယ်တိုင် ဖိအားပေးလာခဲ့တယ်။




အင်္ဂလိပ်တို့ရဲ့ စေတီတော်ရင်ပြင်ပေါ် ဖိနပ်မစီးဖို့ တိုက်ပွဲ အောင်မြင်ခဲ့ပြီး ဖြစ်တာရယ်၊ နောင်လုပ်စရာတွေလည်း အများရှိနေသေးတာမို့ အားမကုန်စေတာရယ်ကြောင့် ဂေါပကအဖွဲ့က ခုလို ဆုံးဖြတ်ခဲ့ပါတယ်။ (စကားချပ် – ရင်ပြင်ပေါ်ဖိနပ်မစီးဖို့ နဲ့ ရွှေတိဂုံစေတီတော် ခဲယမ်းလှောင် လှိုဏ်များ ဂေါပကမှ ပိတ်ပေးဖို့ အပြန်အလှန် သဘောတူညီခဲ့ခြင်းလို့လည်း ပေါရာဏအဖြစ် မှတ်သားဖူးတယ်။)


– ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ခဲယမ်းလှောင်လှိုဏ်ပေါက်အား ပိတ်ရန်

– သို့သော် (အပြည့် Solid မပိတ်ပဲ) စေတီတော်အတွက် လှိုဏ်ခေါင်းနံရံကြံ့ခိုင်မှုသာပြုကာ အခေါင်းအတိုင်း ထားရန်

– (ဘာသာမတူ နယ်ချဲ့ရဲ့လုပ်ရပ် အမှတ်ရစေဖို့) အတွင်းလှိုဏ်ငယ်ထားကာ ဆင်းတုတော်တစ်ဆူ ပူဇော်ထားရန်

– ဗုဒ္ဓသာသနာရဲ့ သွေးမျက်ရည်ကျခဲ့တယ့် အထိမ်းအမှတ်အဖြစ်လည်းကောင်း အထွတ်အမြတ် ပူဇော်မှုအဖြစ်လည်းကောင်း ပတ္တမြားပွင့်စစ်စစ် ၂ လုံးအား မျက်လုံးတော်များအဖြစ် ဆင်းတုတော်တွင် ပူဇော်ရန်


ဤသို့ဖြင့် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ဘက်တွင် ပတ္တမြားမျက်ရှင်တော် ရုပ်ပွားတော်မြတ် အပူဇော်ခံ ပေါ်ထွန်းခဲ့ပါတယ်။


“ရွှေတိဂုံစေတီတော်၌ ဖြစ်ပေါ်ခဲ့သည့် အခြားယုတ်မာမှုအချို့”


ခရစ်နှစ် 1852 အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲတွင် စေတီတော်ကြီးသည် မြန်မာတပ်များ လက်မှ အင်္ဂလိပ်တပ်များ လက်သို့ကျရောက် သွားရပြန်သည်။ ရန်ကုန်သိမ်း အင်္ဂလိပ် တပ်များသည် အရှေ့မုခ်မှ အနောက်မုခ် အထိ မုခ်သုံးဘက်မှာ တပ်စွဲကြသည်။ ထိုအချိန်၌ မြန်မာ ဘုရားဖူးများ တောင်ဘက်မှသာ တက်ခွင့်ရသည်။


ဟံသာဝတီတွင် အနောက်ဘက်လွန် မင်းတရား (ခရစ်နှစ် 1605-28 ) စိုးစံလျက် ရှိစဉ် သံလျင်စား ငဇင်ကာ ခေါ် ဖိလစ်ဒီဘရစ်တိုသည် ရွှေတိဂုံစေတီတော်မှ ဓမ္မစတီ ခေါင်းလောင်းကြီးကို ဖြုတ်ယူခဲ့သည်။ ခေါင်းလောင်းကြီးကို သံလျင်သို့ အရောက် မပို့နိုင်ခဲ့ပေ။ သယ်ယူသွားသော လှေကွဲသဖြင့် ဒေါပုံမြစ်ထဲသို့ ကျရောက် ပျောက်ကွယ် သွားခဲ့ရသည်။ အင်္ဂလိပ် မြန်မာ စစ်ပွဲအတွင်း ကလည်း အင်္ဂလိပ်တပ်များသည် ရွှေတိဂုံ ကုန်းပေါ်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းကြီးကို ဖြုတ်ယူကြပြန်သည်။ အောင်ပွဲ အထိမ်းအမှတ် အဖြစ် အင်္ဂလန်သို့ ယူဆောင်သွားရန် သင်္ဘောပေါ်သို့တင်ရာတွင် မြစ်ထဲသို့ ကျသွားသည်။


အင်္ဂလိပ်တို့ အမျိုးမျိုး ကြိုးစား ဆယ်ယူသော်လည်း နောက်ဆုံးတွင် လက်လျှော့သွားကြသည်။ မြန်မာတို့က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆယ်ယူနိုင်ခဲ့၍သာ ယနေ့ပြန်လည် တွေ့မြင်နိုင်ခြင်း ဖြစ်သည်။




ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲအတွင်း ရွှေတိဂုံ စေတီတော်တွင် လုယက် ဖောက်ထွင်းမှုများ ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရသည်။ အင်္ဂလိပ်စစ်သား တစ်ဦးသည် စေတီတော် တစ်ဆူအတွင်း ဌာပနာ ထားသော ရွှေဆင်းတု၊ ငွေဆင်းတု အချို့ကို တွေ့ရှိရာမှ အခြား စေတီများတွင်လည်း အလားတူ အဖိုးတန် ပစ္စည်းများ ရှိလိမ့်မည် အထင်ဖြင့် အခြားစစ်သားများကလည်း စေတီများစွာကို လိုက်လံဖျက်ဆီး၍ ရတနာသိုက် ရှာခဲ့ကြသည်။


တပ်ခွဲတစ်ခုသည် တစ်ညအတွင်း တူးဖျက် ရှာဖွေရုံနှင့် အိန္ဒိယသုံး ချပ်ပြားသုံးရာဖိုးမျှ တန်သည့် ရွှေဆင်းတု ငွေဆင်းတုများကို ရသွားသည်။ မိမိတို့၏ အထက်အရာရှိ တစ်ဦးသို့ရောင်းလိုက်ရာ ထိုအရာရှိက အိန္ဒိယပြည် ကာလကတ္တားမြို့သို့ တဆင့် ပြန်ရောင်းလိုက်သောကြောင့် အမြတ်အစွန်း အကြီးအကျယ်ရသွားသည်။ ထိုစဉ်က နိုင်ငံခြားသား တစ်ဦး၏ မှတ်တမ်းတွင် `ရွှေတိဂုံစေတီကြီး ပတ်လည်ရှိ ဘုရား စေတီငယ်များကို ပရမ်းပတာ ဖျက်ဆီးထားသော မြင်ကွင်းကို မြင်ရသည်မှာ စိတ်မကောင်းစရာ ပင်ဖြစ်ပေသည်’ ဟူ၍ပင် ရေးသားခဲ့သည်။


ထိုစဉ်က အင်္ဂလိပ် စစ်ဗိုလ်ချုပ် ကင်းဘဲလ် ကိုယ်တိုင်ပင် ရွှေတိဂုံ စေတီတော်ကြီး၏ ဝမ်းဗိုက် အတွင်းသို့ အဖိုးတန်ရတနာများ ရရှိမည်ဟု မျှော်လင့်ချက် ကြီးစွာဖြင့် ထွင်းဖောက်ခဲ့သေးသည်။ မျှော်လင့်ချက် မရှိလောက်မှ လက်လျှော့ သွားခဲ့သည်။


ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင်းတွင်လည်း အင်္ဂလိပ် တပ်များသည် နှစ်ရက် သုံးရက် အတွင်း ဘုရားကြီး ရင်ပြင်ပေါ်ရှိ အဖိုးထိုက် အဖိုးတန် ဟူသမျှကို ရှာဖွေ ဖြုတ်ယူ သွားကြသည်။ ရွှေချထားသော သစ်သားဆင်းတု၊ ကျောက်ဆင်းတု၊ ကြေးဆင်းတု စသည်များ ရွှေချထားသော သေတ္တာများနှင့် ဗီရိုများသည် ကုန်းတော်ပေါ်တွင် ပြန် ကြဲ ကျန်ရစ်ခဲ့သည်။


အင်္ဂလိပ် စစ်ဗိုလ် လော်ရီက စစ်သားတစ်ယောက် ရဲတင်း တစ်လက်ဖြင့် ရွှေဆင်းတုကြီး တစ်ဆူကို ဖောက်ဖျက် နေပုံမှာ ခံကတုပ်ကျင်း တစ်ခုကို စိတ်အေးလက်အေး တူးဖော် နေသကဲ့သို့ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။ ထိုစဉ်က ဘုရင့် အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး ဖရေဇာ ကိုယ်တိုင်လည်း ဘုရားကြီး၏ ဝမ်းဗိုက်တော် အတွင်းသို့ ပေတစ်ရာမျှ အထိ ထွင်းဖောက် ကြည့်ခဲ့သည်။ ဘုရားကြီး၏ဘဏ္ဍာတော် များကို တွေ့လိုတွေ့ငြား တူးဖော် ကြည့်ခဲ့ခြင်း သာဖြစ်သည်။


အင်္ဂလိပ် တပ်များသည် မြန်မာတို့ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော လက်ဖတင်နင်အာ၊ ဒူရန်၊ ဂျေအမ်တေလာ၊ ကပ်ပိတန် စီဂျီလော့ တို့၏ အလောင်းများကို ရင်ပြင်တော် အရှေ့မြောက် ထောင့်တွင် မြုပ်နှံ ခဲ့ကြသေးသည်။ မြန်မာတို့ အရေးဆို၍ 22.1.1929 ရက်နေ့တွင်မှ ကန်တိုမင် စစ်သချိုင်းသို့ ရွေ့ပြောင်း သွားခဲဲ့သည်။


ခရစ်နှစ် 1852 ခုတွင် စစ်ကဲဦးထော်လေး ကိုယ်တိုင် စေတီတော်ကြီးအား ဖောက်ထွင်း ထားသည့် အပျ့က်အစီးများကို တွေ့ခဲ့ရသည်။ အရှေ့ဘက်မျက်နှာ ပထမပလ္လင် အထက်မှ အလျား လေးတောင်၊ အနံ သုံးတောင်ရှိ တွင်းကြီးသည် ခြောက်ဆယ့်ခြောက်တောင် အနက်ရှိသော လှိုဏ်ခေါင်းကြီး ဖြစ်နေပြီး အတွင်းရှိ ကျောက်စေတီသို့ပင် ရောက်သည်ဟု သိရသည်။ ထိုနေရာကား လက်ရှိ ပတ္တမြားရုပ်ရှင်တော်မြတ် သီတင်းသုံးရာ နောက်ကျောတည့်တည့် ပါ။


ခရစ်နှစ် 1.1.1886 ရက်နေ့တွင် အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အပြီးအပိုင် သိမ်းယူ လိုက်သည်။ ရွှေတိဂုံစေတီကြီး တည်ရာ ရန်ကုန်မြို့ကြီးမှာ 1885 ခုနှစ်ကပင် အင်္ဂလိပ် လက်ထဲသို့ ကျရောက်ခဲ့ရပြီး ဖြစ်သည်။


သီပေါမင်း ပါတော်မူပြီးနောက် 4.2.1887 ရက်နေ့ထုတ် ရန်ကုန် ဂေဇက် သတင်းစာတွင် ဘုရားပေါ်မှ ဆင်းတုတော် စသည့် အဖိုးတန် ပစ္စည်းများ ခိုးယူခံရခြင်းများ ဆက်လက် ဖြစ်ပွားနေခဲ့ကြောင့် တွေ့ရသည်။


ဘုရင့် စကော့ ဝက်ဝံရေ ဦးထုပ်ဆောင်း တပ်ရင်း (၂၁) မှ တပ်သားပေါ့တ်နှင့် လော့ကလင် တို့သည် 11.12.1886 ရက်နေ့ ညသန်းခေါင်အချိန်တွင် ဘုရားပေါ်မှ ဆင်းတုတော် တစ်ဆူကို တိတ်တဆိတ် ခိုးယူ ထွက်ပြေးခဲ့ကြသည်။ ဘုရားစောင့်က ထပ်ချပ်လိုက်ရာ ပေါ့တ်ဆိုသူက ထွက်ပြေးသွားသော်လည်း လော့ကလင်က ဘုရားစောင့်၏ လက်ထဲမှ သံတုတ်ကို လုယူပြီး ပြန်လည် ရိုက်နှက်ခဲ့သည်။ ယင်းဒဏ်ရာဖြင့် ဘုရားစောင့်သေဆုံးခဲ့ရသည်။ အင်္ဂလိပ်စစ်သား နှစ်ဦးအား တရားရုံးမှ မည်သို့ ဆုံးဖြတ် စီရင်ခဲ့သည် ဆိုသည့် အထောက်အထား ကိုကား မတွေ့ရပေ။


(၇၇)နှစ်ကြာအောင် အင်္ဂလိပ်တို့ ရွှေတိဂုံကုန်းတော်၌ တပ်စွဲထားခြင်း နှင့် ၁၉၀၂ ရောက်မှ ရွှေတိဂုံစေတီရင်ပြင်ပေါ်၌ ဖိနပ်မစီးခြင်းတို့ကို အင်္ဂလိပ်တို့ ပြုမူခဲ့သည်။ ဒါတောင် သက်ဆိုင်ရာဝန်ထမ်းများ ရွှေတိဂုံစေတီတော်ရင်ပြင်ဝယ် ဖိနပ်စီးခွင့် ပေးခဲ့သေးသည်။


ဤသည်တို့မှာ ရွှေတိဂုံ စေတီတော်ကြီးမှ တိုင်းတပါးများ ဖျက်ဆီး ယူဆောင်ခဲ့သည်များကို လက်လှမ်းမှီသလောက် ရှာဖွေ မှတ်တမ်းတင်ထားခြင်း အနည်းငယ် မျှသာဖြစ်သည်။


ခေတ်အဆက်ဆက် နယ်ချဲ့ ကိုလိုနီခေတ် တလျှောက် ပျက်စီး ပျောက်ကွယ် သွားခဲ့ရသော မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုအနုပညာ လက်ရာပစ္စည်းများ မည်မျှ ရှိခဲ့ပါမည်နည်း . . . .?


အထက်ဖော်ပြပါ အကြောင်းတို့အပြင် အမျိုးမျိုးသော လောကဓံတို့၏ ထိုးနှက်မှုကို ရွှေတိဂုံစေတီတော်မြတ်ကြီး ကျော်ဖြတ်ခဲ့တာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပါပြီ။


နှောင်းသာသနာ ၅၀၀၀ တိုင်အောင် အနည်းဆုံး တည်နိုင်ပါစေဟု ဆုတောင်းလျက် …


မြန်မာ့သာသာနာ နဲ့ မြန်မာ့သမိုင်း အမှန်တိုင်းသိ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ကြပါစေ။


ထိန်လင်း


မှီငြမ်း: – မြန်မာ့မြို့ ရွာဒေသ ဝေါဟာရ (မောင်ကြည်သန့်) – ရွှေတိဂုံစေတီတော်သမိုင်း (မောင်ဆုရှင်) – မော်ကွန်းတိုက် – ပရမ္ပရဝါဒ