ကြက်သွန်ဖြူက သွေးတွင်းအဆီကို အမှန်တကယ်ကျစေလား…

2020-01-08 10:31:49


ကြက်သွန်ဖြူက သွေးတွင်းအဆီကို အမှန်တကယ်ကျစေလား…

ကြက်သွန်ဖြူက သွေးတွင်းအဆီကို အမှန်တကယ်ကျစေလား…


“အခု အန်တီဆေးစစ်တဲ့ ရလဒ်က နှစ်ခုက လွဲပြီး အကုန်ကောင်းတယ်။ တစ်ခုကတော့ သွေးတွင်း အဆီဓာတ်ဖြစ်တဲ့ Cholestrolတွေ များနေတာ။ နောက်တစ်ခုက အသည်းမှာ နည်းနည်း အဆီဖုံးနေတာ။ အဲနှစ်ခုပဲ အန်တီ။ အဲဒီတော့ အထူးကု ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အဲနှစ်ခုအတွက် ကုသလို့ ရပါတယ်” “အထူးကု ဆရာဝန်နဲ့တော့ မပြတော့ဘူး ဒေါက်တာရယ်။ အန်တီက နယ်က လာတာပါ။ ခုလည်း ရန်ကုန်ရောက်တုန်း သားက ဆေးစစ်ပေးမယ်ဆိုပြီး အတင်းခေါ်လို့ စစ်လိုက်တာ။ အဲနှစ်ခုက ဒီတိုင်း ထားလို့ရော မရဘူးလား။ ဘာတွေ ဖြစ်နိုင်သလဲဟင်”


“အန်တီ့အသက်က ၆၅နှစ်နော်။ တကယ်တော့ ဒီအသက်အရွယ်ဆိုရင် သွေးတွင်း အဆီဓာတ်များတာ၊ အသည်းအဆီနည်းနည်း ဖုံးတာက ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ်ဆိုပေမယ့် ပေါ့လို့တော့ မရဘူးပေါ့။ ဘာလို့လဲဆိုတော့ အသည်းအဆီဖုံးရာကနေ အသည်းခြောက်တာ၊ အသည်းက အလုပ်မလုပ်တော့တာ ဖြစ်နိုင်လို့ပါ။ နောက်ပြီး သွေးတွင်းအဆီဓာတ်များရင် သွေးတိုးတာ၊ သွေးကြောကျဉ်းတာ၊ နှလုံးရောဂါဖြစ်တာ၊ လေဖြတ်တာ၊ လေဖြန်းတာတွေက နောက်ဆက်တွဲ ဖြစ်နိုင်ပါတယ်”


“အန်တီက နယ်ပြန်ရမှာဆိုတော့ အထူးကုဆရာဝန်နဲ့ ရက်ချိန်းက ယူလို့ မလွယ်လောက်ဘူး ဒေါက်တာရဲ့။ ဒေါက်တာပဲ ဆေးရေးပေးလို့ မရဘူးလား” “ကျွန်မက ဒီဆေးစစ်ဌာနရဲ့ တာဝန်ကျ ဆရာဝန်မို့ပါ။ အန်တီသိချင်တာ ဆွေးနွေးချင်တာတွေ မေးလို့ရပါတယ်။ ဆေးရေးပေးဖို့ကတော့ အထူးကုဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမှာပါ” “သွေးတွင်း အဆီကျဖို့ကလေ ဆေးသောက်မှ ရမှာလား။ အသည်းအဆီဖုံးတာအတွက်ကရော ဘာတွေ လုပ်သင့်သေးလဲ ဒေါက်တာ”


“သွေးတွင်း အဆီကျဖို့က အဆီလျှော့စားတာ၊ ဟင်းအနှစ်တွေ မစားတာ၊ ဆီကြော်တွေ ရှောင်တာတွေ လုပ်သင့်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်သင့်ပါတယ်။ အသည်းအဆီဖုံးတာက သွေးတွင်း အဆီကျလာရင် ပိုမဆိုးလာတတ်ပါဘူး။ အန်တီအနေနဲ့က သိပ်လည်း မဝတော့ အစားလေးဆင်ခြင်ပြီး လေ့ကျင့်ခန်းပုံမှန် လုပ်သင့်ပါတယ်”“တစ်ခုတော့ မေးဦးမယ်နော် ဒေါက်တာ။ အန်တီတို့နယ်မှာတော့ ကြက်သွန်ဖြူဥလေးတွေ ပျားရည်နဲ့ နှပ်ပြီး စားကြတာ ရှိတယ်။ အဲဒါက အဆီကျတယ် ပြောကြလို့လေ။ အဲဒါရော ဟုတ်လား”


“ကျွန်မ အမေလည်း အဲသလို မေးဖူးလို့ ကြက်သွန်ဖြူနဲ့ ပတ်သက်တဲ့ စာတွေ ကျွန်မရှာဖတ်ဖူးတယ်။ ပျားရည်နဲ့ နှပ်နှပ်၊ မနှပ်နှပ်၊ ကြက်သွန်ဖြူက သွေးကြောတွေကို ကျယ်စေပါတယ်။ ကြက်သွန်ဖြူမှာ အယ်လီစင် (alicin)လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးပါတယ် အန်တီ။ အဲဒီဓာတ်က သွေးကြောတွေကို ကျယ်စေပြီး သွေးတိုးသမားတွေကို သွေးပေါင်ကျစေပါတယ်။ ဒါပေမယ့် သွေးတွင်းအဆီဓာတ်ကိုတော့ ကျစေတယ်ဆိုပြီး လေ့လာချက်တွေက မတွေ့ခဲ့ဘူး”“ဒါဆို ကြက်သွန်ဖြူက သွေးတွင်းအဆီဓာတ်မကျစေဘူးဆိုတော့ အဲလိုစားတာ အလကားပဲပေါ့”


“အဲသလိုတော့ မဟုတ်ဘူး အန်တီရဲ့။ ကျွန်မစာတွေ သေချာရှာဖတ်တော့ ကြက်သွန်ဖြူက အဆီဓာတ်တော့ မချပေးနိုင်ဘူး။ ဒါပေမယ့် အဆီဓာတ်များလို့ သွေးကြောကျဉ်းတာကိုတော့ ကာကွယ်ပေးတယ်။ ဒီတော့ အဆီဓာတ်များတာရဲ့ ဆိုးကျိုးတွေကိုတော့ တစ်မျိုးတစ်ဖုံ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သဘောပဲပေါ့”“အဲဒါကြောင့် နေမယ်။ အန်တီတို့ နယ်ဘက်မှာဆို ကြက်သွန်ဖြူက တကယ့်ဆေးပဲ။ နေမကောင်းဖြစ်ရင်တောင် ကြက်သွန်ဖြူ ပျားရည်နှပ်လေး စားပြီး နေကောင်းကြတာ”“ကြက်သွန်ဖြူက သွေးပေါင်ကျတာ၊ အဖျားမြန်မြန်ပျောက်စေတာတွေ ဖြစ်စေတာတော့ အမှန်ပဲ အန်တီ။ ဒါပေမယ့် အစားများသွားရင်တော့ ရင်ပူတာ၊ ဗိုက်အောင့်တာတွေ ဖြစ်တတ်တယ်”


“အန်တီ့သားကတော့ ကြက်သွန်ဖြူကို လုံးဝမကြိုက်ပါဘူး။ နံလို့တဲ့လေ”“ကြက်သွန်ဖြူက ကိုယ်နံ့ကိုပါ ဆိုးစေတော့ လူငယ်တွေတော့ သိပ်မစားကြဘူး အန်တီရဲ့”“ဒါဆို သွေးတွင်း အဆီဓာတ်ကျအောင် အဆီရှောင်၊ လေ့ကျင့်ခန်း လုပ်လိုက်မယ် ဒေါက်တာ။ အခုများနေတဲ့ အဆီဓာတ်ရဲ့ ဆိုးကျိုးတွေ မဖြစ်အောင် ကြက်သွန်ဖြူလေးပါ စားလိုက်မယ်”“ပဲနို့တို့၊ ဂျင်းတို့၊ ဗီတာမင် ဘီပါတဲ့ အားဆေးတွေကလည်း သွေးတွင်းအဆီဓာတ်ကို ကျစေတယ်လို့ တချို့တွေ့ရှိချက်တွေက ပြောတယ် အန်တီ။


အန်တီအချိန်ရရင်တော့ သွေးတွင်းအဆီဓာတ်ချတဲ့ ဆေးတွေကို ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး သောက်လို့လည်း ရတယ်။ အဓိကကတော့ အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလုပ်တာကတော့ အခြေခံလိုအပ်ချက်တွေပဲပေါ့ အန်တီ”“ကျေးဇူးပဲ ဒေါက်တာရေ။ အချိန်ကတော့ မရဘူးရယ်။ ဒီညကားနဲ့ နယ်ပြန်ရမှာမို့လေ။ အဲဒါဆို သွားလိုက်ဦးမယ်နော် ဒေါက်တာ”။ယခုဆောင်းပါးကို ဒေါက်တာဇီဝကမှ ကူးယူဖော်ပြပြီး ကျေး(ဆေး၁)မှ ရေးသားထားပါသည်။