အာဆီယံအလှဲ့ကျဥက္ကဌ ကမ်ဘောဒီးယားနဲ့ အမေရိကန် စတင် ငြိပီ


အာဆီယံအလှဲ့ကျဥက္ကဌ ကမ်ဘောဒီးယားနဲ့ အမေရိကန် စတင် ငြိပီ

အာဆီယံအလှဲ့ကျဥက္ကဌ ကမ်ဘောဒီးယားနဲ့ အမေရိကန် စတင် ငြိပီ။


ကမ်ဘောဒီးယား ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ၂ ဦးကို အဂတိလိုက်စားမှုနဲ့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ပိတ်ဆို့အရေးယူလိုက်ပါတယ်။


ထိုင်းပင်လယ်ကွေ့က ”Ream ”ကမ်ဘောဒီးယား ရေတပ်အခြေစိုက်စခန်းနဲ့ပတ်သက်လို့ ရေတပ်ဦးစီးချုပ် Tea Vinh နဲ့ ကာကွယ်ရေးဝန်ကြီးဌာနညွှန်ချုပ် Chau Phirun (Chau) တို့ဟာ


တခြားအရာရှိတွေနဲ့ပေါင်းပြီး သူတို့ကိုယ်ကျိုးစီးပွါးအတွက် အသုံးချခဲ့တယ်လို့ အမေရိကန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။


ကမ်ဘောဒီယားပြည်သူတွေရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာဖြစ်သလို ဒီမိုကရေစီနဲ့ ဒေသတွင်းတရားဥပဒေစိုးမိုးရေးတွေကိုပါ ပျက်စီးစေတဲ့အတွက် အမေရိကန်ပြည်ဝင်ခွင့်အပါအဝင် ပိုင်ဆိုင်မှုတွေကိုပါ ထိမ်းချုပ်လိုက်ကြောင်း


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်လိုက်တာပါ။ သူတို့ ၂ ဦးရဲ့ မိသားစုဝင်တွေကိုပါ ပိတ်ဆို့အရေးကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။


Ream ရေတပ်အခြေစိုက်စခန်းကို ခမာနီတွေကျဆုံးပြီးချိန်မှာ အမေရိကန် ဗြိတိန်အကူအညီနဲ့ ပြန်လည်မွန်းမံတည်ဆောက်ပေးခဲ့ပြီး အမေရိကန် ကမ်ဘောဒီးယား ၂ နိုင်ငံ စစ်ရေးလေ့ကျင့်ရေးအခြေစိုက်စခန်းအဖြစ် အသုံးပြုလာခဲ့တာပါ။


ကမ်ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ နိုင်ငံခြားစစ်အခြေစိုက်စခန်းနဲ့ နိုင်ငံခြားသားစစ်တပ်တွေတပ်စွဲခွင့်မရှိတော့တဲ့အတွက် Ream အခြေစိုက်စခန်းကို ဆက်လက်အသုံးမပြုတော့ပဲထားခဲ့ပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့နဲ့ အထူးသဖြင့် တရုတ်နိုင်ငံကို စစ်အခြေစိုက်စခန်း အသုံးပြုခွင့်မပေးဖို့ အမေရိကန်အစိုးရက အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ကမ်ဘောဒီးယားအစိုးရဟာ တရုတ်ကို နှစ် (၃၀) စာချုပ်နဲ့ရောင်းချထားပြီး တရုတ်အင်ဂျင်နီယာတွေနဲ့ စခန်းကို တိုးချဲ့ဆောက်လုပ်နေတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပါတယ်။


ဒီသတင်းတွေကို ကမ်ဘောဒီးယားအစိုးရကလည်း အကြိမ်ကြိမ်ငြင်းခဲ့ပါတယ်။ Reamရေတပ်စခန်းနဲ့ပတ်သက်လို့ ကမ်ဘောဒီးယားအတိုက်အခံတွေနဲ့ပြည်သူတွေကလည်း အမှန်ဖွင့်ပြောဖို့ တောင်းဆိုတာတွေရှိခဲ့ပါတယ်။


အခုလို အမေရိကန်က စတင်ပိတ်ဆို့အရေးယူလိုက်တာဟာ ခိုင်လုံတဲ့အထောက်အထားရထားတာဖြစ်သလို တရုတ်ရဲ့ဩဇာခံအဖြစ်က ရုန်းထွက်ဖို့ စတင်ဖိအားပေးတာဖြစ်နိုင်တယ်လို့ ဒေသတွင်းစစ်ရေးလေ့လာသူတွေက ယူဆပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်လာနိုင်တယ်ဆိုပါတယ်။


အာဆီယံအလှဲ့ကျဥက္ကဌတာဝန် တရားဝင် မထမ်းဆောင်ခင်မှာ အချိန်ကိုက် ဖိအားပေး အရေးယူခံလိုက်ရတဲ့ ကမ်ဘောဒီးယားအစိုးရကတော့ အမေရိကန်ရဲ့ အရေးယူမှုကို အပြင်းအထန်ကန့်ကွက်ထားပြီး ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို လွန်လွန်ကျုးကျုးဝင်စွက်ဖက်တဲ့လုပ်ရပ်လို့ တုန့်ပြန်ထားပါတယ်။