ဦးကို နီပုံပြင်၊ အောင်ရဲထွေး ပုံပြင် ပြီးတော့ အခု “ဗစ် တိုးရီးယား ပုံပြင်”

2020-01-01 08:50:21


ဦးကို နီပုံပြင်၊ အောင်ရဲထွေး ပုံပြင် ပြီးတော့ အခု “ဗစ် တိုးရီးယား ပုံပြင်”

ဦးကို နီပုံပြင်၊ အောင်ရဲထွေး ပုံပြင် ပြီးတော့ အခု “ဗစ် တိုးရီးယား ပုံပြင်”


ကလေးအဖေ မကြာခန ပြောလေ့ ရှိတဲ့ စကား ရှိတယ်။


မြန်မာနိုင်ငံမှာ ပုံပြင်တွေ ရှိတယ်တဲ့။ ဦးကိုနီပုံပြင်၊ အောင်ရဲထွေးပုံပြင်။ အခု ဗစ်တိုးရီးယား ပုံပြင် တပုဒ် တိုးတာပေါ့…တဲ့။ သူပြောတဲ့ ပုံပြင်ဆိုတဲ့ သဘောကို ကျွန်တော် နားလည်တယ်။ မသေချာတဲ့သဘော၊ မှန်းဆပြီး ဒီလို ဟုတ်ကောင်းရဲ့လို့ ပြောရတဲ့သဘော။ ဖြစ်ရပ်မဟုတ်ဘူး၊ ပုံပြင်။


ဦးကိုနီတုန်းက သေနတ်မောင်းခလုပ်ကို ဆွဲတဲ့သူကိုပဲ (ပြည်သူတယောက်ဖြစ်တဲ့ ကိုနေဝင်းကြောင့်) မိခဲ့တယ်။ နောက်ကွယ်က ခလုပ်ကို ညှစ်ဖြစ်အောင် တွန်းအားပေးခဲ့သူတွေကို ပြည်သူက သိခွင့်မရခဲ့ဘူး။ မှန်းဆပြီးတော့ပဲ တွေးခဲ့ရတယ်။ ပုံပြင်ပေါ့။ အခု ဗစ်တိုးရီးယား အမှုမှာရော။


ကလေးအဖေကို ကျွန်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ စာသားတွေကို အကုန် စာပြန်ရိုက်ခိုင်းထားတယ်။ A4 စာရွက်နဲ့ ၂၃ မျက်နှာ ရှိတယ်။ ရိုက်ပြီးတော့ ကျွန်တော့်ကို ပြောတယ်။ ရိုက်နေရင်း ခံစားချက် ပေါင်းစုံ ခံစားရတယ်…တဲ့။ ဒေါသတွေ၊ ခံပြင်းမှုတွေ။ အကုန်ပြီးသွားတော့ ကျွန်တော် မကြောက်တော့ဘူးတဲ့။ သူတို့မှာ ဘာမှ မရှိဘူးတဲ့။ အကုန် ပြန်ရှင်းလို့ ရတာတွေပဲ…တဲ့။


အခု သူရိုက်ထားတာတွေ ပြန်ဖတ်လိုက်တော့ ဟုတ်တယ်။ အရင် ကျွန်တော် လူမှု ကွန်ယက်မှာ ရေးခဲ့တာက ကလေးအဖေ စကားကိုပဲ မူတည် ရေးခဲ့တာ။ အခု ကျွန်တော်တို့မှာ ရုံးချိန်း ၁၃ ချိန်းစာ သက်သေ အထောက်အထားတွေ ရှိနေပြီ။ အကုန်လုံးကို ပြန်ရှင်းနိုင်ပြီ။ ဥပမာ ဆေးစာပျောက်တယ် ဆိုတာကို အရင်က ရမ်းရေးခဲ့ရတယ်။ အခု မှုခင်းဆရာဝန်ကြီးက ဆေးစာ ပျောက်လို့ လျောက်ထားတဲ့ လျောက်လွှာသည် ကုတင်တထောင် ဆေးရုံကြီးမှာ ရှိတယ်။ အထက်က ညွှန်ကြားရင် ပြန်ထုတ်ပေးနိုင်တယ် ဆိုတာ သက်သေထွက်သွားတယ်။ ဒါပေမယ့် ရဲမှူးကြီးတို့ မီဒီယာမှာ ဖြေသွားတာကို ကြည့်ပါ


မီဒီယာ – ဥပဒေအရာရှိပြောသွားတာတော့ ဆရာဝန်လည်းထွက်ဆိုထားတာရှိပါတယ်ခင်ဗျ။ ရဲတပ်ဖွဲ့ဆေးစာပျောက်လို့ ဆိုပြီး ပြန်လျှောက်တာတွေ့ရပါတယ်။ ရဲတပ်ဖွဲ့က ဘာကြောင့်ဆေးစာကိုပြန်တောင်းရတယ်ဆိုတာသိချင်ပါတယ်ခင်ဗျ


မင်းဟန် – တရားရုံးမှာ မူရင်းဆေးစာတင်ထားတာပါ။ သက်သေခံသွင်းတဲ့ချိန်မှာ မူရင်းဆေးစာတင်ထားတာပါ။


မီဒီယာ – ဆရာဝန်ရော ရှေ့နေရော ပြန်လည်မေးတဲ့မေးခွန်းမှာပါ ထွက်ဆိုထားတာတွေ့ရပါတယ် ပထမဆေးစာပျောက်တယ်ဆိုပြီး နောက်မှပြန်တွေ့တယ်လို့သိရပါတယ်ခင်ဗျ။ပျောက်သွားပြီးဘာကြောင့် ပြန်တောင်းရ လဲခင်ဗျ


မင်းဟန် – မပျောက်လို့ မူရင်းတင်လိုက်တာလေ။ ပျောက်လို့ရှိရင်မိတ္တူပဲတင်ရမှာပေါ့ ရှင်းရှင်းလေး။ မပျောက်လို့ မူရင်းတင်နိုင်တာပေါ့။ တရားရုံးက မူရင်းလက်ခံတာလေ မိတ္တူတရားရုံးက လက်မခံဘူး။


ဒီလို ေ၀ဝါးစွာ ဖြေသွားတာတွေ အကုန် ကျွန်တော်တို့ တိတိကျကျ ပြန်ရှင်းနိုင်နေပြီ။ ရှင်းလို့ ရနေပြီ။


တခုပဲ… ကျွန်တော်တို့ ရှင်းနိုင်တော့ရော ဘယ်သူက ဘာလုပ်ပေးမှာလဲ။ ဗစ်တိုးရီးယား အမှုလား၊ ဗစ်တိုးရီးယား ပုံပြင်လား။ ဘယ်သူမှ မကူညီရင် အမှန်တရားကြီး လက်ထဲ ပိုက်ပြီးတော့ ခံပြင်းနေရုံအပြင် မပိုပါဘူး။ ဒါသည်ပင် လက်ရှိ အခြေအနေ ဖြစ်ပါတယ်…


သက္ကညိုမို